ထရမ့်၏ ပထမအကြိမ် သမ္မတသက်တမ်းတွင် အမေရိကန်က အိန္ဒိယအား GSP အခွင့်အရေးကို ရုပ်သိမ်းလိုက်သော်လည်း နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်လာခဲ့သဖြင့် ယခု ဒုတိယအကြိမ် သမ္မတ သက်တမ်းတွင်လည်း ကုန်သွယ်မှုဆက်လက်တိုးတက်နိုင်မည်ဟု ခန့်မှန်း
အိန္ဒိယဗဟိုဘဏ်၏ အစီရင်ခံစာအရ အိန္ဒိယသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ထံမှ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ Generalized System of Preferences(GSP) အခွင့်အရေး ဆုံးရှုံးခဲ့သော်လည်း ၎င်း၏ ဖိနပ်၊ သတ္တုတွင်းထွက်၊ ဓာတုပစ္စည်းနှင့် စက်ပစ္စည်းကဲ့သို့သော ကဏ္ဍများ၌ အဓိကပြိုင်ဘက် တရုတ်နှင့် ယှဉ်ပြိုင်မှုစွမ်းရည် အားသာချက်ကြောင့် နှစ်နိုင်ငံကုန်သွယ်မှုသည် သိသိသာသာ တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
အစီရင်ခံစာက ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်ကာလအတွင်း ကုန်စည်များအား အသေးစိတ်သုံးသပ်ချက် ဆောင်ရွက်ခဲ့ရာတွင် အိန္ဒိယသည် ဖိနပ်၊ သတ္တုများ၊ တွင်းထွက်များ၊ ဓာတုပစ္စည်း၊ အထည်အလိပ်နှင့် အဝတ်အထည်စသည့် ကုန်စည်များအပေါ်၌ ယှဉ်ပြိုင်မှုအားသာချက်တန်ဖိုး မြင့်မားအောင်ဆောင်ရွက်ခဲ့ကြောင်း၊ သမ္မတထရမ့်၏ ဒုတိယသက်တမ်းတွင်လည်း ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြန်လည် နေရာချထားမှုများ (relocation of supply chain) နိုင်ငံများက ဆောင်ရွက်လျှက်ရှိရာ အိန္ဒိယ၏ ဆေးဝါး၊ လျှပ်စစ်၊ အထည်အလိပ် စသည့်ကဏ္ဍများ၌ အားသာမှုများကြောင့် ၎င်း၏အခန်းကဏ္ဍသည် အရေးပါဆဲဖြစ်ပြီး နိုင်ငံအများက အိန္ဒိယအပေါ်မှီခိုမှုကို ပြန်လည်စိစစ်နေကြကြောင်း ဖော်ပြထားပါသည်။
အမေရိကန်သို့ အိန္ဒိယ၏ သံနှင့်သံမဏိ တင်ပို့မှုသည်လည်း ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ပြန်လည်နေရာချထားမှုကြောင့် အလားတူ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်က သံမဏိအပေါ် ၂၅ % ၊ အလူမီနီယံအပေါ် ၁၀ %၊ အဝတ်လျှော်စက်အပေါ် ၃၀ % အကောက်ခွန်များ ကောက်ခံခဲ့သော်လည်း အိန္ဒိယ၏ အမေရိကန်သို့ သံမဏိပို့ကုန်သည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၄၄.၇ % တိုးတက်ခဲ့ကြောင်း၊ ယင်းသို့အကောက်ခွန်များ တိုးမြှင့်ကောက်ခံခဲ့သော်လည်း အိန္ဒိယ၏ ပို့ကုန်ကဏ္ဍခိုင်မာမှုကြောင့် အမေရိကန်နှင့် ကုန်သွယ်မှုတွင် ပိုငွေပြခဲ့ကြောင်း၊ ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များနှင့် ကုန်သွယ်မှုမူဝါဒပြောင်းလဲမှုများ ရှိသော်လည်း အိန္ဒိယသည် အမေရိကန်ဈေးကွက်တွင် ခြေကုပ်ရယူကာ ယှဉ်ပြိုင်မှုအားသာသော ကဏ္ဍများ၌ စီးပွားရေးအကျိုးအမြတ်များရနိုင်ရေး ကောင်းမွန်စွာနေရာယူထားကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။
ရင်းမြစ်။ The Economic Times