တရုတ်လျှပ်စစ်ကား ကုန်သွယ်မှုပြဿနာများဖြေရှင်းရာတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ရန် ပြင်သစ်အားတရုတ်မှ တိုက်တွန်း

တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က အီးယူ၏ အဓိကအဖွဲ့ဝင်ဖြစ်သော ပြင်သစ်အား တရုတ်လျှပ်စစ်ကားများအပေါ် အစိုးရထောက်ပံ့မှုဆန့်ကျင်ရေး အီးယူ၏စုံစမ်းစစ်ဆေးမှုတွင် ရိုးသားမှုနှင့်ကိုယ်ချင်းစာမှုရှိရေး တိုက်တွန်းပေးရန် မေတ္တာရပ်ခံခဲ့သည်။

ရှန်ဟိုင်း၌ ကျင်းပမည့် (၇) ကြိမ်မြောက် တရုတ်၊ နိုင်ငံတကာ ပို့ကုန်သွင်းကုန်ပြပွဲသို့ လာရောက်သည့် ပြင်သစ် နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး၊ ဥရောပရေးရာနှင့်ပြည်ပရေးရာဌာန၏ တွဲဖက်တာဝန်ခံ Sophie Primas နှင့် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် Wang က ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်လျှပ်စစ်ကားများအပေါ် အစိုးရထောက်ပံ့မှုများဆန့်ကျင်ရေး အီးယူ၏စုံစမ်းစစ်ဆေးမှုအပေါ် နှစ်ဖက်ကျွမ်းကျင်သူများအကြား ဒုတိယအကြိမ် ဆွေးနွေးမှုများစတင်နေပြီး အဆိုပါကိစ္စသည် မော်တော်ယာဉ်ထုတ်လုပ်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ တရုတ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်အညီ ညှိနှိုင်းဆွေးနွေးမှုကို စတင်မည်ဖြစ်ကြောင်း၊ အီးယူသည် စက်မှုလုပ်ငန်းကို ဦးစွာစစ်ဆေးရမည့်အစား ထောက်ပံ့မှုဆန့်ကျင်ရေး စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် တရုတ်သည် အီးယူ၏ ဘရန်ဒီ၊ ဝက်သားနှင့် နို့ထွက်ပစ္စည်းများအား ပြည်တွင်းစက်မှုလုပ်ငန်းများအပေါ် ဦးစွာစစ်ဆေးပြီးမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများ ၊ တရုတ်၏ ပြည်တွင်းဥပဒေများနှင့်အညီ စစ်ဆေးသွားမည်ဖြစ်ကြောင်း Wang ကပြောကြားခဲ့သည်။

ဆက်လက်၍ Wang က တရုတ်၏ စုံစမ်းစစ်ဆေးမှုများသည် ဥပဒေနှင့်အညီ ပြင်သစ်အပါအဝင် EU အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးများကို အကာအကွယ်ပေးကာ အထောက်အထားနှင့် အချက်အလက်များအရ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ တရုတ်သည် အီးယူနှင့်ပူးပေါင်းကာ လျော်ကန်သော အဖြေကိုရှာဖွေမည်ဖြစ်ကြောင်း၊ တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံမှ ယခုနှစ်ကုန်စည်ပြပွဲတွင် ကုမ္ပဏီပေါင်း ၁၀၀ ကျော်မှ ပါဝင်ခဲ့ပြီး တရုတ်ဈေးကွက်ကို စိတ်ဝင်စားမှု ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။

Primas က ပြင်သစ်သည် တရုတ်နှင့်ကုန်သွယ်ဆက်ဆံရေးတိုးမြှင့်လိုပြီး ယခုနှစ်ကုန်စည်ပြပွဲတွင် အထူးဧည့်သည်နိုင်ငံအဖြစ် တက်ရောက်ရသည်ကို ဝမ်းမြောက်မိကြောင်း၊ တရုတ်နှင့်ကုန်သွယ်မှုတွင် စိုက်ပျိုးရေးနှင့်စားသောက်ကုန်များသည် အဓိကဖြစ်သောကြောင့် အီးယူမှ ဘရန်ဒီအပါအဝင် ကုန်စည်များအပေါ် တရုတ်၏ စုံစမ်းစစ်ဆေးမှုများကိုလည်း စိုးရိမ်ပူပန်ကြောင်း၊ နှစ်ဖက်ကုန်သွယ်ရေး တင်းမာမှုများလျှော့ချပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ကုန်သွယ်ရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရင်းမြစ်။        https://news.cgtn.com/