ကျောက်ဆည်ခရိုင်တွင် ငှက်ပျောများ ဈေးကွက်သို့ရောက်ရှိ၍ တောင်သူများ အကျိုးအမြတ်ရ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ငှက်ပျော သီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ ကျောက်ဆည်မြို့နယ်တွင် ၁,၂၈၂ ဧက၊ စဉ့်ကိုင် မြို့နယ်တွင် ၇၅၀ ဧက၊ မြစ်သားမြို့နယ်တွင် ၁,၀၈၁ ဧကဖြင့် ငှက်ပျောစိုက်ဧက စုစုပေါင်း ၃,၁၁၃ ဧက စိုက်ပျိုးပြီး ရွှေလျောင်း၊ ဆူလေးကုန်းနှင့် ကံဆွယ်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။
ငှက်ပျောသီးနှံကို ဇွန်လ-ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလ လဆန်းပိုင်းတွင် ခူးဆွတ် ရိတ်သိမ်းလျက်ရှိကြောင်း၊ ငှက်ပျောစိုက်ပျိုးရာတွင် စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁,၅၀၀,၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ငှက်ပျောအခိုင် ၈၀၀ ခန့်အထိ ထွက်ရှိကြောင်း၊ နိုဝင်ဘာလ၊ ပထမပတ်တွင် လက်ကားဈေးနှုန်းအနေဖြင့် ငှက်ပျော အခိုင် ၄၀ ပါလှည်းတစ်စီးလျှင် ငွေကျပ် ၂၈၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး လက်လီ ဈေးနှုန်းအနေဖြင့် ငှက်ပျောလက်ရင်း တစ်ဖီးလျှင် ၃,၅၀၀ ကျပ်နှင့် လက်ဖျား တစ်ဖီးလျှင် ၂,၅၀၀-၂,၆၀၀ ကျပ် ဖြင့် ရောင်းချရကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၄,၁၀၀,၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ငှက်ပျောအခိုင်များကို သီးနှံပွဲစားများမှ ဥယျာဉ်ခြံထဲအရောက် လာရောက်ဝယ်ယူကြပြီး ထိုမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခု အချိန်တွင် ငှက်ပျောများ ဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိသောကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းသော် လည်း အကျိုးအမြတ်ရလျက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မန္တလေး)