ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် စီးပွားရေးမူဝါဒမသေချာမှုများ မြင့်တက်လာသော်လည်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဖြစ်
ကမ္ဘာ့ကုန်စည်ကုန်သွယ်ရေးသည် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်မှစ၍ တစ်နှစ်ထက်တစ်နှစ် ၂.၃% တိုးမြင့်လာခဲ့ပြီး အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို သတိပြုမိကြောင်း WTO စီးပွားရေးပညာရှင် များက “ ကမ္ဘာ့ကုန်သွယ်မှုအလားအလာနှင့် စာရင်းအင်း ” အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများမြင့်တက်မှုကြောင့် ၂၀၂၃ ခုနှစ်တွင် -၁.၁% ကျဆင်းခဲ့ရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်ပါသည်။ စျေးကွက်ငွေလဲနှုန်းတွင် ကမ္ဘာ့ GDP တိုးတက်မှုသည် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင် ၂.၇% ၌ တည်ငြိမ်နေမည်ဟု မျှော်လင့်ပါသည်။
၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ငွေကြေးဖောင်းပွမှုကျဆင်းခဲ့မှုကြောင့် ဗဟိုဘဏ်များသည် အတိုးနှုန်းကို လျှော့ချနိုင်ခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုနည်းပါးခြင်းသည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးသူ သုံးစွဲမှုကိုမြင့်တက်စေပြီး တစ်ဖက်တွင် အတိုးနှုန်းနည်းပါးခြင်းသည် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု ကို မြင့်တက်စေပါသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-lweala က “၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်မှုတဖြည်းဖြည်း ပြန်လည်ဦးမော့လာစေရန် မျှော်လင်ထားသော်လည်း အထူးသဖြင့် အရှေ့အလယ်ပိုင်းကဲ့သို့ ဒေသတွင်းပဋိပက္ခများ တိုးလာနိုင်သည့် ဆုတ်ယုတ်မှုကို သတိထားနေရပါကြောင်း၊ ဆုတ်ယုတ်မှုများသည် ပဋိပက္ခတွင် တိုက်ရိုက်ပတ်သက်သော နိုင်ငံများအတွက် အပြင်းထန်ဆုံးဖြစ်နိုင်သော်လည်း ကမ္ဘာ့စွမ်းအင်ကုန်ကျစရိတ်နှင့် သင်္ဘောလမ်းကြောင်းများသွားလာမှုအပေါ် သွယ်ဝိုက်၍သက်ရောက်မှုရှိနိုင်ပါကြောင်း၊ စီးပွားရေး ဂယက်ရိုက်ခတ်မှုများအပြင် အဆိုပါ ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသူများအတွက် လူသားချင်း စာနာထောက်ထားမှု အကျိုးဆက်များ အပေါ် နက်ရှိုင်းစွာ စိုးရိမ်မိပါကြောင်း၊ သို့ဖြစ်၍ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုနှင့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိစေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ WTO တည်ထောင်ပြီး နောက်ပိုင်း လွန်ခဲ့သည့်ဆယ်စုနှစ် ၃ စုအတွင်း ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိသော စီးပွားရေးများတွင် တစ်ဦးချင်းဝင်ငွေသည် ၃ ဆနီးပါး တိုးလာခဲ့ပါကြောင်း၊ အားလုံးပါဝင်နိုင်သော ကမ္ဘာ့ကုန်သွယ်မှုကို မြှင့်တင်ရန် ကျွန်ုပ်တို့၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရ မည်ဖြစ်ပါကြောင်း”ပြောကြားခဲ့သည်။
ဒေသတွင်းကုန်သွယ်မှုအလားအလာ
ဒေသတွင်းကုန်သွယ်မှုအလားအလာကိုကြည့်လျှင် မြောက်အမေရိက၏ ကုန်သွယ်မှုသည် အခြားဒေသတွင်းနိုင်ငံများကို လွှမ်းမိုး၍ ၀.၄ % မြင့်တက်ခဲ့ကြောင်း၊ ဒေသအလိုက် GDP ခန့်မှန်းချက်များတွင် ထင်ရှားသော အပြောင်းအလဲများရှိခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စီးပွားရေးပညာရှင် အကြီးအကဲ Ralph Ossa က ပြောကြားခဲ့သည်။
လက်ရှိ ၂၀၂၄ ခုနှစ်၌ ဥရောပသည် သွင်းကုန်ပမာဏ ၂.၃% လျော့ပြီး ပို့ကုန်ပမာဏ ၁.၄% ကျဆင်း သွားဖွယ်ရှိသည်။ ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ဒုတိယ ၃ လပတ်တွင် ၀.၃% လျော့နည်းကာ ထုတ်လုပ်မှုညွှန်းကိန်းများသည် ၁၂ လအတွင်း စက်တင်ဘာလတွင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ဒေသတွင်းရှိ မော်တော်ယာဥ်နှင့် ဓာတုဗေဒကဏ္ဍများတွင် ဥရောပပို့ကုန်များ တင်ပို့မှုကျဆင်းခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆေးဝါးများနှင့်ဆက်စပ်နေသော အော်ဂဲနစ်ဓာတုပစ္စည်းများ တင်ပို့မှုမြင့်တက်လာပြီးနောက် ပုံမှန်လမ်းကြောင်းများသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်သည်။
အာရှ၏ ပို့ကုန်ပမာဏသည် ယခုနှစ်တွင် အခြားဒေသများထက် ပိုမိုလျင်မြန်စွာ တိုးတက်လာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၇.၄% အထိ မြင့်တက်လာမည်ဖြစ်သည်။ တရုတ်၊ စင်ကာပူနှင့် ကိုရီးယား သမ္မတနိုင်ငံတို့ကဲ့သို့သော အဓိကကုန်ထုတ်စီးပွားရေးနိုင်ငံများ၏ တွန်းအားပေးမှုကြောင့် ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဒေသတွင်း ပို့ကုန်တင်ပို့မှု အားကောင်းလာခဲ့သည်။ တောင်အမေရိကသည် ၂၀၂၃ ခုနှစ်တွင် ပို့ကုန်၊ သွင်းကုန်ပမာဏနည်းပါးမှုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာသည်။ မက္ကဆီကို၏ သွင်းကုန်သည် ဒေသတွင်းတစ်ခုလုံးနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုပိုမိုအားကောင်း သည်။ အာဖရိက၏ ပို့ကုန်တိုးတက်မှုသည် ကမ္ဘာ့ကုန်သွယ်မှုရေစီးကြောင်းနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ၏ ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ၁.၈% တိုးတက်လာပြီး ပို့ကုန်ပမာဏသည် ၂၀၂၅ ခုနှစ်တွင် ၃.၇% အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ ကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ၅.၉% နှင့် ၂၀၂၅ ခုနှစ်တွင် ၅.၆% တိုးလာမည်ဟု ခန့်မှန်းထားပါသည်။
ရင်းမြစ် - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့