အထက်မင်းလှမြို့နယ်၊ ဥယျာဉ်ကျေးရွာတွင် ဆောင်းကုလားပဲသီးနှံများ စတင်စိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင် ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ဆောင်းသီးနှံကုလားပဲကို တောင်သူ ၆၀ ဦးမှ စုစုပေါင်း ၃၀၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ကုလားပဲသီးနှံကို အောက်တိုဘာလ၊ စတုတ္ထပတ်တွင် စတင်စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် ခူးဆွတ်ရိတ်သိမ်းရကြောင်း၊ မျိုးအနေဖြင့် ယခင်နှစ်မျိုးချန်ထားသည့် ဒေသခံတောင်သူများဆီမှ ကုလားပဲမျိုး တစ်တင်းလျှင် ငွေကျပ် ၁ သိန်းခန့်ဖြင့် ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုး ကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုးဝယ်ယူစရိတ်၊ လုပ်သားခနှင့် အခြားသွင်းအားစုတို့အတွက် ယခင်နှစ်က တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၄ သိန်းခွဲခန့် ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုစရိတ် မြင့်တက် လာ၍ ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ၁၂ တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းကျော် ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် အောက်တိုဘာလ၊ စတုတ္ထပတ်တွင် ကုလားပဲတစ်တင်းလျှင် ငွေကျပ် ၉၆,၅၀၀-၉၇,၅၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဆောင်းကုလားပဲပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိမည်ဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
DOCA (မကွေး)