၂၀၂၄ ၏ ပထမ ၉ လအတွင်း လယ်ယာထွက်ကုန်တင်ပို့မှု မြင့်တက်ခဲ့သည့် တောင်ကိုရီးယား နှင့် ဗီယက်နမ်

တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှုသည် ယခုနှစ် ပထမ ၉ လတွင် စံချိန်တင် အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ကထက် ၈ % ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံနီးပါး မြင့်တက်ခဲ့ကြောင်း၊ ထမင်းလိပ် (Gimbap) ကဲ့သို့ ဆန်ဖြင့်ထုတ်လုပ်သောပစ္စည်းများ တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူတင်ပို့မှုထက် ၄၁ % ကျော် မြင့်တက်ခဲ့ကြောင်း၊ ကိုရီးယားခေါက်ဆွဲခြောက် တင်ပို့မှုသည် ပြီးခဲ့သည့်နှစ်ကထက် ၃၀ % မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း ၉ဝဝ ကျော်နှင့် ကိုရီးယား သရေစာများတင်ပို့မှုသည် ၁၅ % ကျော်မြင့်တက်ခဲ့ကြောင်း၊ လယ်ယာဝန်ကြီးဌာနမှ သိရှိရပါသည်။

ဗီယက်နမ်

၂၀၂၄ ခုနှစ်၊ ပထမ ၉ လအတွင်း ဗီယက်နမ်ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သောကြောင့် ယခုနှစ် လက်ကျန်ကာလများတွင်လည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံအထိ စံချိန်တင် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါသည်။ ဗီယက်နမ်စာရင်းအင်းဌာနအဆိုအရ စက်တင်ဘာလအတွင်း ဗီယက်နမ်ပို့ကုန်သည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၀.၇ % တိုးတက်ကာ ၃၄.၀၅ ဘီလီယံ ရရှိခဲ့ကြောင်း၊ ယခုနှစ် တတိယ ၃ လပတ် ပို့ကုန်တန်ဖိုးသည် ပြီးခဲ့သည့်နှစ်ကာလတူထက် ၁၅.၈ % နှင့် ယခုနှစ် ဒုတိယ ၃ လပတ်ထက် ၁၀.၆ % တိုးတက်ကာ အမေရိကန်ဒေါ်လာ ၁၀၈.၆ ဘီလီယံ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအဆိုအရ တင်ပို့မှုမြင့်မားသော ပို့ကုန်များမှာ ကွန်ပျူတာများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖုန်းနှင့်ဖုန်းအစိတ်အပိုင်းများ၊ အဝတ်အထည်များ၊ ဖိနပ်များ၊ သစ်နှင့်ပရိဘောဂများ၊ ပင်လယ်စာများ၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများဖြစ်ကြောင်း၊ ဗီယက်နမ် ကုန်စည်များကို အမေရိကန်မှ တန်ဖိုးအမေရိကန်ဒေါ်လာ ၈၉.၅ ဘီလီယံဖြင့် အဓိကတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်အသင်း (Vinafruit) အတွင်းရေးမှူးချုပ်က ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယား စသည့် ဈေးကွက်များတွင် ခိုင်မာသောနေရာရနေပြီဖြစ်ကြောင်း၊ ဗီယက်နမ် ဒူးရင်း၊ ဌက်ပျောနှင့် သရက်တို့ကို တရုတ်စားသုံးသူများ အထူးကြိုက်နှစ်သက်ကြောင်း၊ ယခုနှစ်အတွင်း ဗီယက်နမ် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံဖြင့် စံချိန်တင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ် အထည်အလိပ်နှင့်အဝတ်အထည်အသင်းဥက္ကဌက ပြီးခဲ့သည့်လများအတွင်း အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုသည် လစဉ်အမေရိကန်ဒေါ်လာ ၄ ဘီလီယံခန့်ရှိသောကြောင့် တနှစ်ပတ်လုံးတင်ပို့မှုသည် ၄၁ ဘီလီယံကျော်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        ​Arirang.com

                   Vietnam plus