တရုတ်၏ အသက်ရှည်မှုဆိုင်ရာလုပ်ငန်းများ (Longevity Industry) အပေါ် ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေသည့် ဆွစ်ဇာလန်လုပ်ငန်းရှင်များ

ကမ္ဘာ့လူဦးရေတွင် အသက်အရွယ်ကြီးသူများ များပြားလာသည်နှင့်အမျှ လူ့သက်တမ်းနှင့်လူမှုဘဝမြှင့်တင်ရေးနည်းလမ်းများကို အလေးထားဆောင်ရွက်လာကာ အသက်ရှည်မှုဆိုင်ရာလုပ်ငန်းများ (Longevity Industry)သည် အလျင်အမြန်တိုးတက်လာပါသည်။ အဆိုပါလုပ်ငန်းတွင် အသက်အရွယ်ကြီးရင့်မှုနှင့်အသက်အရဖြစ်ပေါ်လာသော ရောဂါများဖြေရှင်းရန် ဇီဝနည်းပညာ၊ ဆေးဝါးနှင့်ကျန်းမာရေး စောင့်ရှောက်မှုစသည့် ကဏ္ဍများ ပေါင်းစုပါဝင်လျှက်ရှိရာ ရင်းနှီးမြှုပ်နှံသူများအတွက် တရုတ်နိုင်ငံသည် စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးနိုင်သောနေရာတစ်ခု ဖြစ်နေပါသည်။

ဆွစ်ဇာလန်၊ တောင်ပေါ်မြို့ Gstaadတွင် ကျင်းပခဲ့သော “ အသက်ရှည်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ ညီလာခံ- Longevity Investors Conference ”တွင် စင်ကာပူအမျိုးသားတက္ကသိုလ်၊ ကျန်းမာသက်ရှည်ရေးဗဟို- Healthy Longevity Center မှ ညွှန်ကြားရေးမှူးတစ်ဦးက တရုတ်နိုင်ငံသည် သက်ရှည်ကျန်းမာမှုအတွက် ဦးဆောင်ဈေးကွက်ဖြစ်လာပြီး နိုင်ငံသားများ သက်တမ်းရှည်ရေးနှင့် ကျန်းမာရေးအထောက်အပံ့များ ပံ့ပိုးနေကြောင်း၊ တရုတ်ရိုးရာဆေးပညာအရ ကာကွယ်ခြင်းကို ဦးစားပေးထားသဖြင့် ကျန်းမာကြခြင်းဖြစ်ကြောင်း၊ ဖြည့်စွက်စာဈေးကွက်ကလည်း ကြီးမားကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် စာရင်းများအရ တရုတ်နိုင်ငံ၌ အသက် ၆၀ နှင့်အထက် လူဦးရေ ၂၉၇ သန်းရှိပြီး စုစုပေါင်း လူဦးရေ၏ ၂၁.% ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် သက်ရှည်ကျန်းမာရေး ဖြည့်စွက်စာလုပ်ငန်းကုမ္ပဏီ Avea က တရုတ်နိုင်ငံသည် ကြီးမားသောဈေးကွက်အလားအလာရှိကြောင်း၊ တရုတ် ၏ Douyin နှင့် Tmall အပလီကေးရှင်းတို့မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် E-commerce စီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင်ချန်နယ် Weixin လည်းရှိကြောင်း၊ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရေး မတူညီသော ချဉ်းကပ်မှုကို အသုံးပြုရပြီး ယုံကြည်မှုမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် တရုတ်လူမှုကွန်ရက်တွင် နာမည်ကြီးသူများမှတဆင့် လိုက်ဖ်လွှင့်ဆောင်ရွက်မှုများ လည်းရှိကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ကုမ္ပဏီသည် သွေးချိုပမာဏထိန်းညှိဆေး၊ ကော်လဂျင်မြှင့်တင်ဆေး၊ ဆဲလ်ကာကွယ်ဆေးနှင့် Antioxidant ဓာတ်တိုးမြှင့်ဆေး၊ စသည့်တက်ကြွလန်းဆန်းစေသော အသက်ကြီးမှုလက္ခဏာများကို ကာကွယ်ပေးသော ဖြည့်စွက်ပစ္စည်းများကို ရောင်းချပေးကြောင်း၊ တရုတ်စားသုံးသူများသည် အရည်အသွေးမြင့်ထုတ်ကုန်များကို ကြိုက်နှစ်သက်သောကြောင့် ထုတ်လုပ်မှုနှင့်အရည်အသွေးတွင် သုတေသနများအား အခြေခံထားသော ဆွစ်ဇာလန်နိုင်ငံ၏ထုတ်ကုန်များသည် တရုတ်စားသုံးသူများကို စိတ်ကျေ နပ်မှု ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း CEO နှင့် ကုမ္ပဏီ ထူထောင်သူ Duri Granziol က ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        ဆင်ဟွာသတင်း