မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် (MSMEs)များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 07/12/2024 - 08:16 -- ipICTdep

နေပြည်တော်၊   ဇူလိုင်လ ၁၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကို ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မန္တလေးတိုင်းဒေကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်နည်းဥပဒေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းရုံနှင့်မပြီးဘဲ အများပြည်သူများအနေဖြင့် လိုက်နာကျင့်သုံးရန်လိုအပ်သည့်အပြင် မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၏ သတ်မှတ်ချက်များ၊ အကျိုးကျေးဇူးများနှင့် အခွင့်အရေးများကိုလည်း သိရှိထားရန်လိုအပ်ပါကြောင်း၊ နေ့စဉ်ထိတွေ့နေရသည့် မီးဖိုချောင်သုံးပစ္စည်းမှသည် မော်တော်ကား၊ ဆိုင်ကယ်၊ ဖုန်း အစရှိသည့် ဇိမ်ခံပစ္စည်းများအားလုံးသည် ဒီဇိုင်းကိုယ်စီရှိကြရာ အဆိုပါ ဒီဇိုင်းများအား မူပိုင်ခွင့်အကာအကွယ်ရယူထားမည်ဆိုလျှင်  ရရှိနိုင်မည့်အခွင့်အရေးများနှင့် အကျိုးအမြတ် များကို ယနေ့ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ဒီဇိုင်းဖန်တီးသူများ အနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီး ပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများကို အခြားသူများက ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူ၍ တားဆီးနိုင်မည့်အပြင် ချိုးဖောက်သူများအား ဥပဒေအရ အရေးယူနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။