အထက်မင်းလှမြို့နယ်၌ ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊အထက်မင်းလှမြို့နယ်၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတော ကျေးရွာ၌ နှမ်း၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မြေပဲနှင့် အခြားသီးပင်စားပင်များကို ရာသီအလိုက် စိုက်ပျိုး ကြပြီး ခရမ်းချဉ်သီးနှံကိုလည်း စိုက်ဧက ၁၃ ဧကခန့် စိုက်ပျိုးထားပါသည်။

   ခရမ်းချဉ်သီးနှံကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးပြီး ၃ လခန့်အကြာတွင် စတင်ခူးဆွတ် ရကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၆ ထုပ် ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်ပြီး အပင်သက်တမ်း ၂၅ ရက်သား အရွယ်တွင် မြေချ၍ ဘောင်ခတ်စနစ်ဖြင့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၂၈-၃၀ သိန်းခန့် ကုန်ကျကြောင်း၊ယခင်နှစ်က တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀-၆၀၀၀ ထွက်ရှိပြီး မြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှု အပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုများရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ အချိန်တွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၂၀၀-၁,၈၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ်သိန်း ၃၀ ခန့် အမြတ်ရရှိသည်။ 

   အောက်တိုဘာလ၊ ဒုတိယပတ်တွင် ခရမ်းချဉ်သီး လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၁,၈၀၀-၂,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့၊ မင်းဘူးမြို့ နှင့် မကွေးမြို့တို့ရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊  ယခုအချိန်တွင် ခရမ်းချဉ် စိုက်ခင်း များမှာ အဖူးအပွင့်များ ဝေဆာ၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ခရမ်းချဉ်သီးနှံပေါ်ချိန်တွင် အထွက် နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။ 

DOCA (မကွေး)