အာရှ-ပစိဖိတ်ဒေသအတွင်း ဝန်ဆောင်မှုကုန်သွယ်ရေးကို ချဲ့ထွင်မည့် တရုတ်နိုင်ငံ

အရည်အသွေးမြင့်မားသော လူ့စွမ်းအားရင်းမြစ် ၊ ဒစ်ဂျစ်တယ်နည်းပညာများ၊ ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသ ဝန်ဆောင်မှုကုန်သွယ်ရေးတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်မှု သုတေသနဗဟို၊ ဒုတိယဥက္ကဌက “ တရုတ်နိုင်ငံ၊ ဝန်ဆောင်မှုကုန်သွယ်ရေး နိုင်ငံတကာပြပွဲ- ၂၀၂၄ ” တွင် ပြောကြားခဲ့ပါသည်။ 

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍ လျင်မြန်စွာတိုးတက်နေမှု၊ ဒီဂျစ်တယ်နည်းပညာများနှင့် စက်မှုကွင်းဆက် အားသာချက်များကြောင့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆွဲဆောင်ရေး တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းသည် အဓိကမောင်းနှင်အားဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များနှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားပါသည်။

ရှန်ဟိုင်းအခြေစိုက် New Development Bank ၏ ဒုတိယဥက္ကဌနှင့် လုပ်ငန်းဆိုင်ရာ အရာရှိချုပ်က တရုတ်နိုင်ငံသည် ၎င်း၏ ဝန်ဆောင်မှုကဏ္ဍကို သိသာစွာဖြေလျှော့ခဲ့ပြီး ပိုမိုတိုးတက်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်း ဝန်ဆောင်မှုဌာနမှ ဒုတိယညွှန်ကြားရေးမှူး Wang Bo ကတရုတ်နိုင်ငံသည် ဝန်ဆောင်မှုစျေးကွက်ချဲ့ထွင်နိုင်ရေး နိုင်ငံတကာစံနှုန်းများနှင့် လိုက်လျောညီထွေဖြစ်စေမည့် နည်းလမ်းများချမှတ်ပြီး နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုကုန်သွယ်ရေးကို Negative List ဖြင့် ဖွင့်လှစ်ပေးထားကြောင်း၊ ယခင်က ကန့်သတ်ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုလည်း ဖွင့်လှစ်ပေးထားပြီး ဥပမာ ပေကျင်း၊ ရှန်ဟိုင်းနှင့် အခြားမြို့ / ဒေသ ၇ ခုတွင် ၁၀၀ % နိုင်ငံခြားသားပိုင် ဆေးရုံများကိုခွင့်ပြုရန် စီစဉ်နေကြောင်း၊ မကြာမီကလည်း ယဉ်ကျေးမှုနှင့်ဖျော်ဖြေရေးကဏ္ဍအချို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကြီးမားသော ဝန်ဆောင်မှုဈေးကွက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို သိသိသာသာဆွဲဆောင်နေပြီး အောင်မြင်ရန် အလားအလာကောင်းများရှိကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organization for Economic Coopera tion and Develop ment) ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Ulrik Knudsen က ဝန်ဆောင်မှုသည် ထောက်ပံ့ပို့ဆောင်မှုလမ်းကြောင်းတွင် အရေးပါသည့် ဒီဂျစ်တယ်နှင့်ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် အရေးကြီးကြောင်း၊ အတားအဆီးများကို လျှော့ချခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်နိုင်ပြီး ထောက်ပံ့သူများပိုမိုများပြားကာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်လာနိုင်ကြောင်း၊ အစိုးရများအနေဖြင့် နှစ်နိုင်ငံနှင့်နိုင်ငံစုံဝန်ဆောင်မှုကုန်သွယ်မှုသဘောတူညီချက်များမှတစ်ဆင့် တဖြည်းဖြည်းချင်းဖြေလျှော့နိုင်ရေး ဝန်ဆောင်မှုကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်အသက်ဝင်လာစေရန် ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။

ရင်းမြစ်။        Asia News Agency