မင်းဘူးမြို့နယ်၌ ငရုတ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ

   မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တွင် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီ၊ နှမ်း၊ စပါးနှင့် ပဲမျိုးစုံသီးနှံများကိုစိုက်ပျိုးကြပြီး စားဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို  စိုက်ဧက၂၀၀ ခန့် စိုက်ပျိုးမှုရှိကြောင်း သိရသည်။

   ငရုတ်သီးကို မေလတွင် ပျိုးထောင်၍ ဇွန်လတွင်မြေချစိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် သာမို-၉၀၀၊ သာမို-၆၉၂ နှင့် သာမို-၉၉၉ တို့ကို စိုက်ပျိုးပြီး သာမို-၉၀၀ နှင့် သာမို-၆၉၂ ငရုတ်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ငရုတ်မျိုးစေ့ များကို ပျိုးအိတ်ဖြင့်ပျိုးထောင်ကာ ပျိုးပင်တစ်လသားခန့်အရွယ်တွင် မြေချ၍ မြေအောက်ရေတင် စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၇ သိန်းခန့် ကုန်ကျပြီး ပိဿာ ၈၀၀-၁၀၀၀ ခန့် ထွက်ရှိကြောင်း၊ သီးနှံ ပေါ်စအချိန်တွင် လက်ကားဈေးအနေဖြင့် သာမို-၉၀၀ တစ်ပိဿာလျှင် ငွေကျပ် ၄,၀၀၀-၄,၂၀၀၊ သာမို-၆၉၂ တစ်ပိဿာလျှင် ငွေကျပ် ၄,၃၀၀-၄,၅၀၀ ဖြင့် ရောင်းချရပြီး တစ်ဧကလျှင် ငွေကျပ် ၁၅-၁၇ သိန်းခန့် အမြတ်ရရှိကြောင်း သိရသည်။

   အောက်တိုဘာလ ပထမပတ်တွင် လက်ကားဈေးအနေဖြင့် သာမို-၉၀၀ တစ်ပိဿာလျှင် ငွေကျပ် ၄,၃၀၀-၄,၈၀၀၊ သာမို-၆၉၂ တစ်ပိဿာလျှင် ငွေကျပ် ၄,၆၀၀-၅,၀၀၀ ဖြင့် ဈေးနှုန်း မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့၊ မင်းဘူးမြို့နှင့် စကုမြို့များရှိ ကုန်စိမ်းဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ငရုတ်သီးနှံများ အသင့်အတင့် သာ ထွက်ရှိသော်လည်း ဈေးကောင်းရရှိသောကြောင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရသည်။

DOCA (မကွေး)