လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊  အောက်တိုဘာလ ၄

   လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၄ ရက်နေ့၊   နံနက် ၁၀ နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   ဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်သုံးယာဉ်တင်သွင်းခွင့်ပြုထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၇၅)ဦး တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဥပဒေ(၄)ရပ်ပါ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့၏ မူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် အခြားမူပိုင်ခွင့်နှင့် စပ်လျဉ်းသည့်ကိစ္စရပ်များအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ မူပိုင်ခွင့်ဥပဒေ (၄)ရပ်အနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်၍ ဥပဒေအာဏာ သက်ဝင်ကြောင်း ထုတ်ပြန်ခဲ့ပြီး၊ အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားချက်များ တရားဝင်လက်ခံခြင်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေသည် ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများသာမက ကုန်ပစ္စည်းများကို ပြည်တွင်းပြည်ပမှ တင်သွင်းခြင်း၊ တင်ပို့ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ်တွင်လည်း အကျိုးသက်ရောက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့်လည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေပြီဖြစ်၍ မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်သုံး ယာဉ်များတင်သွင်းခြင်းအား လက်ရှိမူပိုင်ခွင့်ဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေများအနက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် သက်ဆိုင်နေပါကြောင်း၊ ပြည်ပမှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တရားဝင်တင်သွင်းဖြန့်ချိခွင့်ရရှိသော ကိုယ်စားလှယ်များ၊ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိ ထားသူများ (တစ်နည်းအားဖြင့် လိုင်စင်ရထားသူများ) သည် မူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ၊ မူပိုင်ခွင့်သဘောတရားများကို သိရှိနားလည်ထားမည်ဆိုလျှင် မိမိတို့လုပ်ကိုင်လျက် ရှိသော ပို့ကုန်သွင်းကုန်လုပ်ငန်းများကို ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   ဆက်လက်၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာစိမ့်သန္တာထွန်းက ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။