Apple သည် ပေကျင်း၏ ညွှန်ကြားချက်များကြောင့် WhatsApp နှင့် Thread အပလီကေးရှင်းများကို တရုတ်နိုင်ငံအတွက် အပလီကေးရှင်းစတိုးမှ ဖျက်ပေးခဲ့ရ

တရုတ်နိုင်ငံ၏ အင်တာနက်စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော ဆိုက်ဘာစပေ့စ်အုပ်ချုပ်ရေးဌာနမှ အမျိုးသားလုံခြုံရေး အကြောင်းပြချက်များဖြင့် Apple အပလီကေးရှင်းစတိုးတွင်ပါရှိသည့် WhatsApp နှင့် Thread အပလီကေးရှင်းများကို ဖျက်ပေးရန် လမ်းညွှန်ခဲ့ကြောင်း၊ မိမိတို့က သဘောမတူသော်လည်း လာရောက်လုပ်ကိုင်နေသည့် နိုင်ငံ၏ဥပဒေများကို လိုက်နာရန် လိုအပ်ပါကြောင်း၊ အဆိုပါအပလီကေးရှင်းများကို အခြားအပလီကေးရှင်းစတိုးများမှ ဒေါင်းလုပ်ရယူနိုင် ပါကြောင်း Apple ၏ ပြောရေးဆိုခွင့်ရှိသူက CNN သို့ သောကြာနေ့က ပြောကြားခဲ့ ပါသည်။

Meta မှ ပိုင်သည့် အဆိုပါအပလီကေးရှင်း ၂ ခုကို တရုတ်နိုင်ငံတွင် ပိတ်ပင်ထားပြီး တွင်ကျယ်စွာ အသုံးပြုခြင်းမရှိပဲ ၎င်းတို့ကို VPN ကြားခံ၍ အသုံးပြုနိုင်ပါသည်။ ပေကျင်းအခြေစိုက် စီးပွားရေး လုပ်ငန်းအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် BDA China မှ ဥက္ကဌ Duncan Clark က Apple အား ယခုကဲ့သို့ အပလီကေးရှင်းများကိုဖျက်ပေးရန် လမ်းညွှန်မှုသည် ရှိရင်းစွဲနည်းပညာကွာဟမှုများကို ပြည်တွင်းနှင့်ပြည်ပအကြား ပိုမိုဆိုးဝါး စေမည်ဖြစ်ကြောင်း၊ ပြည်ပနှင့်ဆက်သွယ်နေသော တရုတ်စီးပွားရေးလုပ်ငန်းများ၊ တရုတ်နိုင်ငံသားများအတွက် အခက်အခဲဖြစ်စေသလို VPNကြားခံ အသုံးပြုခြင်းကလည်း မကြာခဏ update ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခြားလူမှုကွန်ယက်အပလီကေးရှင်းများဖြစ်သော X (တွစ်တာ)၊ ဖေစ်ဘုတ်၊ အင်စတာဂရမ်နှင့် မက်ဆင်ဂျာတို့မှာ Apple ၏ တရုတ်နိုင်ငံအတွက် အပလီကေးရှင်းစတိုးတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ယခုနှစ်ပထမ သုံးလပတ်အတွင်း တရုတ်နိုင်ငံ၌ Apple အရောင်းနှုန်းသည် ၁၀ % ကျဆင်းခဲ့ပြီးနောက် ကုမ္ပဏီဘက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားရေးဝါဒ ၊ ကျဆင်းနေသောစီးပွားရေးနှင့် ပြင်းထန်လာသော ယှဉ်ပြိုင်မှုများကြောင့် ပြီးခဲ့သည့်လများမှစ၍ တရုတ်နိုင်ငံအတွင်း Apple ရောင်းအားကျဆင်းခဲ့ပါသည်။ Apple ကို ယခင်ကသုံးခဲ့သည့် တရုတ်နိုင်ငံသားများသည် တရုတ်အမှတ်တံဆိပ်ဖုန်းများဖြစ်သော ဟာဝေး၊ ရှောင်မီနှင့် အော်ပို/ဝမ်းပလပ်စ်တို့ကို ပြန်လည်အသုံးပြုမည်ဟု နိုင်ငံတကာဈေးကွက်သုတေသနအဖွဲ့ (International Data Corporation-IDC) ကခန့်မှန်း ထားပါသည်။

တရုတ်နိုင်ငံသည် အဓိကထုတ်လုပ်သည့်နေရာဖြစ်သော်လည်း Apple အတွက် အမေရိကန်ပြီးလျှင် အကြီးဆုံးဈေးကွက်တစ်ခုဖြစ်ပါသည်။ကုမ္ပဏီ အနေဖြင့် တရုတ်နိုင်ငံအတွင်း အရောင်းမြှင့်တင်ရေး ဈေးလျှော့ခြင်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါသည်။ Apple စီအီးအို Tim Cook သည် ပြီးခဲ့သည့်လက ရှန်ဟိုင်းသို့ သွားရောက်၍ ကမ္ဘာ့ဒုတိယအကြီးဆုံး Apple စတိုးကို ဖွင့်လှစ်ခဲ့ပါသည်။

Source :       CNN

                                                                                                                                                                                 WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန