ရာသီဥတုဆိုင်ရာရည်မှန်းချက်များအား အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန် ကုန်သွယ်မှု မူဝါဒများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့မှ မိတ်ဆက်ခဲ့ခြင်း

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ (၂၈) ကြိမ်မြောက် ရာသီဥတု အပြောင်းအလဲဆိုင်ရာ ညီလာခံ (COP28) တွင် အစိုးရများအနေဖြင့် ကမ္ဘာ့ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များရရှိရေးဆောင်ရွက်သင့်သည့် မူဝါဒများ ဖော်ပြပါရှိသည့် အစီရင်ခံစာကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်းရေးမှူး အဖွဲ့မှ ဒီဇင်ဘာလ ၂ ရက်နေ့က မိတ်ဆက်ခဲ့ပါသည်။
 

အဆိုပါအစီရင်ခံစာတွင် ကာဗွန်လျော့ချရေးအတွက် သွင်းကုန်ခွန်များကို နိုင်ငံ၏မဟာဗျူဟာများအရ ပြန်လည်သုံးသပ်ခြင်းအပါအဝင် ရာသီဥတုအပြောင်းအလဲများနှင့် ၎င်း၏အကျိုးဆက်များအား ဖြေရှင်းနိုင်ရေး နည်းလမ်းများကို တင်ပြထားပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က COP28 မတိုင်မီ ကျင်းပခဲ့ သောအစည်းအဝေးတွင် ရာသီဥတုပြောင်းလဲမှု၏ ဆိုးဝါးသော ရိုက်ခတ်မှုများကိုတားဆီးနိုင်ရေး ၂၀၁၅ ပဲရစ်သဘောတူညီချက်နှင့်အညီ နိုင်ငံအလိုက် ကတိပြုခဲ့သော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ချရေးများ မပြည့်မီသည်ကို ဖော်ထုတ်ခဲ့ကြောင်း၊ ယခုအစီရင်ခံစာတွင် ရာသီဥတုဆိုင်ရာရည်မှန်းချက်များ တိုးတက်စေရန် ကုန်သွယ်မှုမူဝါဒ (၁၀) ခုကို အတွင်းရေးမှူးအဖွဲ့က တင်ပြထားကြောင်း၊ နိုင်ငံအလိုက်ရာသီဥတုဆိုင်ရာ မဟာဗျူဟာများအရ လိုက်ပါနိုင်မည့်အတိုင်းအတာနှင့် လိုက်လျောညီထွေဖြစ်စေမည့် အစီအမံများ ချမှတ်ရာတွင် ပေါင်းစပ်နိုင်ပါကြောင်း ပြောကြားခဲ့သည်။
 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်ချက်များအပေါ် အတွင်းရေးမှူးအဖွဲ့က သုတေသနပြုလုပ်ပြီး ရရှိလာသည့် အောက်ပါမူဝါဒများကို အစီရင်ခံစာတွင် တင်ပြထားပါသည်-   

(၁) ရှုတ်ထွေးသော နယ်စပ်ဖြတ်ကျော် အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်ဆက်စပ်နေသည့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအား လျော့ချနိုင်ရန် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေး နည်းလမ်းများ ကျင့်သုံးခြင်း၊

(၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လိုက်နာသည့် အစိုးရဝယ်ယူရေးမူဝါဒများကျင့်သုံးခြင်း၊

(၃)စွမ်းအင်ကို ထိရောက်စွာအသုံးချနိုင်ရေး စည်းမျဉ်းများ အဆင့်မြင့်တင်ရာတွင် ကွဲပြားခြားနာခြင်းမရှိစေရန် နိုင်ငံတကာစံချိန် စံညွှန်းများကို အသုံးပြုခြင်း၊

(၄)ရာသီဥတုနှင့်ဆက်စပ်နေသော ဝန်ဆောင်မှုများ ပံ့ပိုးသူတို့၏ လုပ်ငန်းများအား အထောက်အပံ့ဖြစ်စေရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ခြင်း၊

(၅)ကာဗွန်လျော့နည်းသည့် နည်းပညာများပိုမိုအသုံးပြုစေရေး သွင်းကုန်အခွန်များကို ပြန်လည် ချိန်ညှိခြင်း၊

(၆)ရာသီဥတုဆိုင်ရာ လုပ်ငန်းများအတွက် ထပ်တိုးရင်းမြစ်များရှာဖွေရာတွင် ပတ်ဝန်းကျင် ထိခိုက်စေသည့် အထောက်အပံ့ပေးမှုများကို ပြန်လည်ပြင်ဆင်ခြင်း၊

(၇)ရာသီဥတုနှင့်သက်ဆိုင်သော နည်းပညာများ၊ ကိရိယာတန်ဆာပလာများ တိုးမြှင့်အသုံးပြုနိုင်ရေး ကုန်သွယ်မှုဆိုင်ရာ ငွေကြေး အထောက်အပံ့များကို ပိုမိုးတိုးမြှင့်ခြင်း

(၈) စားသောက်ကုန်နှင့် လယ်ယာဈေးကွက်များအနေဖြင့် ရာသီဥတုနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေး စားသောက်ကုန်ကုန်သွယ်မှုကို ဖြေလျော့ပေးခြင်းဖြင့် ၎င်းတို့ဈေးကွက်ကို တိုးတက်စေခြင်း

(၉) နိုင်ငံများအား ရောဂါပိုးမွှားများ ပျံနှံ့ခြင်းမှကာကွယ်ရန် အပင်၊ လူနှင့်တိရိစ္ဆာန်များအား ပိုးမွှားများမှကာကွယ်သည့် စနစ်များကို ခိုင်မာစေခြင်း၊

(၁၀)ရာသီဥတုနှင့်ဆက်စပ်သော ပြည်တွင်းအခွန်များအတွက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊

  

အစီရင်ခံစာအရ ရေနံစိမ်းနှင့်ကျောက်မီးသွေးကို ပျမ်းမျှသွင်းကုန်ခွန် ၀.၈ % နှင့် ၁.၆ % အသီးသီးကောက်ခံပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကိရိယာများကို ၃.၂ % ကောက်ခံလေ့ရှိသော်လည်း အချို့နိုင်ငံများတွင် ၁၂ % ထိ ကောက်ခံသည်ကို တွေ့ရှိ ရကြောင်း၊ သွင်းကုန်အခွန်များကို ပြန်လည်သုံးသပ်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစွမ်းအင်များ (green energy) ကို သုံးစွဲနိုင်စွမ်း (uptake) နှင့် တတ်နိုင်စွမ်း(affordability) အပေါ်မူတည်၍ ဆုံးဖြတ်သင့်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများအနက် အနည်းဆုံးနိုင်ငံပေါင်း ၃၀ ခန့်သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ နည်းပညာများ၊ ကာဗွန်လျော့ပေါ့ သုံးစွဲမှုနှင့် လျှပ်စစ်ကားများအတွက် အကောက်ခွန်နှုန်းများ လျော့ချထားကြောင်း အစီရင်ခံ စာက ဖော်ပြထားပါသည်။

နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၃ ထရီလီယံခန့်ကို အစိုးရဝယ်ယူရေးဆိုင်ရာကိစ္စများအတွက် အသုံးပြုရာ အဆိုပါပမာဏ၏ ၁၅ % မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကိစ္စများတွင် သုံးစွဲကြကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် များအရ အဖွဲ့ဝင်နိုင်ငံများသည် ပတ်ဝန်းကျင်နှင့်သက်ဆိုင်သော အစိုးရဝယ်ယူရေးဆိုင်ရာ နည်းလမ်းပေါင်း ၇၀ ကျော်ကို အကြောင်း ကြားထားကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။

Source: www.wto.org