စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင်စတင်လက်ခံခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

Fri, 02/23/2024 - 09:27 -- ipICTdep

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

    စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို တရားဝင် စတင်လက်ခံခြင်းအခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်တွင် ရုံးအမှတ်(၃)၊ အစည်းအဝေးခန်းမ (၂)၌ Hybrid စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

  အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီ ဥက္ကဋ္ဌ ဦးမင်းမင်း၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊  အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မူပိုင်ခွင့်ဆိုင်ရာအဖွဲ့အစည်းများ၊ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေအကျိုးဆောင်များမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

  အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် အာဏာတည်ခဲ့သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအရ  အဆိုပါမူပိုင်ခွင့်များ ၏ လျှောက်ထားခြင်းများကို တရားဝင်စတင်လက်ခံသည့် အခမ်းအနားဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် တွင်တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုအာဏာတည်နိုင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ စက်မှု ဒီဇိုင်းမူပိုင်ခွင့်မှတ်ပုံတင်ခြင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်းတို့အတွက် မူပိုင်ခွင့် လျှောက်ထားချက်များလက်ခံခြင်းကို အီလက်ထရောနစ်စနစ်မှ တစ်ဆင့်လည်းကောင်း၊ လျှောက်လွှာလက်ခံဌာနများမှတစ်ဆင့်လည်းကောင်း လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှောက်လွှာလက်ခံဌာနများကိုလည်း နေပြည်တော်၊ အောက်မြန်မာပြည်ရုံးခွဲ (ရန်ကုန်)၊ အထက်မြန်မာပြည်ရုံးခွဲ(မန္တလေး) တို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်၍ လည်းကောင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

 ထို့နောက် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးခြင်းနှင့် အကာအကွယ်ပေးနိုင်ခြင်းကြောင့် ဒီဇိုင်းပိုင်ရှင်နှင့် ဖန်တီးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်း၊ နည်းပညာတိုးတက်ပြန့်ပွားစေခြင်း၊ ဖန်တီးသူနှင့်စက်မှုဒီဇိုင်းသုံးစွဲသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြော ရေးကိုအပြန်အလှန်အကျိုးပြုစေခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ် လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့်အနုပညာဆိုင်ရာ ထုတ်လုပ်မှု အဆင့်အတန်းမြင့်မားတိုးတက်စေမည်ဖြစ်ပါကြောင်း၊ မူလလက်ရာရှင်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်တို့၏ မူပိုင်ခွင့်များကို ကာကွယ်နိုင်ခြင်း၊ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ခြင်း၊ ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်များကိုလည်း ကာကွယ်မြှင့်တင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မူပိုင်ခွင့်ဥပဒေများအာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်း၍ လည်းကောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍လည်ကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်ခြင်း နှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်စနစ် (WIPO File,CR File) များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အခမ်းအနားပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။