ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ (၃၇)ကြိမ်မြောက် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညီလာခံ စတင်
ကမ္ဘာ့စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ (၃၇) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ညီလာခံ ကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်ခဲ့ပြီး သီရိလင်္ကာသမ္မတ Ranil Wickremesinghe နှင့် FAO ညွှန်ကြားရေးမှူးချုပ် QU Dongyu တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။
ယခုညီလာခံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ Virtual ကျင်းပခဲ့သည့် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၏ အဆက်ဖြစ်ပြီး ဒေသတွင်းရှိ FAO အဖွဲ့ ဝင်နိုင်ငံပေါင်း ၄၀ ကျော်မှ ဝန်ကြီးများပါဝင် တက်ရောက်ကာ ၄ ရက်ကြာ ကျင်းပမည်ဖြစ်ပါသည်။ တက်ရောက်လာသော ဝန်ကြီးများအနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာများ ထုတ်လုပ်ခြင်းနှင့်ဖြန့်ချီခြင်း နည်းလမ်းများအား ပြောင်းလဲခြင်းဖြင့် တက်ကြွသောဒေသဖြစ်လာနိုင်မည့် အလားအလာများနှင့် တစ်ချိန်တည်းမှာပင် နှစ်ချို့ပြဿနာများဖြစ်သော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ဆင်းရဲမှုပြဿနာ များကို ဆွေးနွေးရမည်ဖြစ်ပါသည်။
သီရိလင်္ကာသမ္မတ Ranil Wickremesinghe ၏ အဖွင့်အမှာစကားတွင် သီရိလင်္ကာ၏ စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်စေမည့် အဓိကကဏ္ဍများမှာ လယ်ယာနှင့်ကမ္ဘာလှည့်ခရီးသွား ကဏ္ဍတို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ FAO ညွှန်ကြားရေးမှူးချုပ် QU Dongyu ၏ အဖွင့်အမှာ စကားတွင် ပိုမိုထိရောက်ကာ အားလုံးပါဝင်နိုင်ပြီး ရာသီဥတုကို ခံနိုင်ရည်ရှိသည့် လယ်ယာစား သောက်ကုန်စနစ်သို့ ရောက်ရှိစေရေး နိုင်ငံအများနှင့် ကမ္ဘာတလွှားနည်းလမ်းများကို ပြောင်းလဲရန် ကြိုးပမ်းရာတွင် ဆန်းသစ်တီထွင်၍ စဉ်းစားရန်၊ လုပ်ဆောင်ချက်ကိုဦးတည်ပြီး ရလဒ်ထွက်ပေါ်ရေး အလေးအနက်ထားရန်၊ ကပ်ရောဂါမှ ပြန်လည်လွတ်မြောက်လာပြီးနောက် မိမိတို့ရည်မှန်းချက်များ အောင်မြင်ရေး စနစ်နှင့်စီမံခန့်ခွဲမှုများကို ပြန်လည်ပြုပြင်ရန်၊ FAO ကွန်ယက်နှင့် ကျယ်ပြန့်သော စွမ်းဆောင်ရည်တို့ကို ပြန်လည်တည်ဆောက်ရန်၊ ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်ပေါ်စေရန်တို့ကို ပြောကြားခဲ့ပါသည်။
အာရှပစိဖိတ်ဒေသသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး ၅ နိုင်ငံအနက် ၃ နိုင်ငံ၏ ဒေသဖြစ်နေခြင်း၊ နိုင်ငံအများစုသည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးအဆင့်မှ အလယ်အလတ်ဝင်ငွေ ရရှိသောအဆင့်သို့ ပြောင်းလဲနိုင်ခဲ့ခြင်းတို့ရှိသော်လည်း ကမ္ဘာ့ကပ်ရောဂါနှင့် နှစ်ပေါင်းကြာရှည်နေသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခက်အခဲများကြောင့် စီးပွားရေးတိုးတက်မှုတွင် အချိုးမညီမျှခြင်း၊ အချို့ဒေသများတွင် ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ အပူပိုင်းဒေသမုန်တိုင်းများ တိုက်ခတ်မှုများကြောင့် လယ်ယာ ထုတ်လုပ်မှုများ ဆိုးဝါးစွာထိခိုက်မှုများလည်းရှိသော နေရာဖြစ်ပါသည်။
အာရှပစိဖိတ်ဒေသတွင်းရှိ လူပေါင်း ၃၇၁ သန်းနီးပါးသည် အာဟာရချို့တဲ့မှု ခံစားနေရသော်လည်း ကျန်းမာရေးညီညွတ်သော စားသောက်ကုန်များ၏ ကုန်ကျစရိတ်မှာလည်း အများစုသော အိမ်ထောင်စုများ တတ်နိုင်သည့်ပမာဏထက် ကျော်လွန်နေပါသည်။ ကပ်ရောဂါမတိုင်မီအချိန်များ ကတည်းကအစာရေစာမလုံလောက်မှုပြဿနာဖြေရှင်းရာတွင် အာရှပစိဖိတ်ဒေသသည် တိုးတက်မှု နှေးကွေးသောကြောင့် ၎င်း၏ လယ်ယာစားသောက်ကုန်စနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်လျက် ရှိပါသည်။
FAO သည် မိတ်ဖက်အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများ(Stakeholders)၏အကြံပြုချက်များ အရ ယခုညီလာခံတွင် အဓိကညှိနှိုင်းဆွေးနွေးမည့် အကြောင်းအရာများကို သတ်မှတ်ခဲ့ပါသည်။ ယင်းတို့မှာ (က) စားနပ်ရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်စုံရေးအတွက် ရာသီဥတုနှင့်ကိုက်ညီသော လယ်ယာထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်၊ (ခ) ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးနှင့် ရာသီဥတုဆိုင် ရာ ဆောင်ရွက်ချက်များအတွက် သဘာဝရင်းမြစ် စီမံခန့်ခွဲမှုကို အရှိန်မြင့်တင်ရန်၊ (ဂ) စီးပွားရေး တိုးတက်သည်နှင့်အမျှ ကျေးလက်ဒေသ ပြုပြင်ပြောင်းလဲရေးကို အားပေးရန်၊ (ဃ) အားနည်း သောနိုင်ငံများတွင် အလုပ်အကိုင်နှင့် အကူအညီများ ဖန်တီးပေးရန်တို့ဖြစ်ပါသည်။ အဆိုပါအဓိက အချက်များကို ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံငယ်များ(Small Island Developing States)၊ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံများ (Least Developed Countries - LDCs) နှင့် ကုန်းတွင်းပိတ်ဖွံ့ဖြိုးဆဲနိုင်ငံများ (Landlocked Developing Countries – LLDCs) တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ထားပါသည်။
FAO ညွှန်ကြားရေးမှူးချုပ်က အာရှပစိဖိတ်ဒေသသည် ၂၀၃၀ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံများက ကြိုးပမ်းကြရာတွင် အပြောင်းအလဲအတွက် ကိုယ်စားလှယ်ဖြစ်မည်ဟုမျှော်လင့်ပါကြောင်း၊ ပြောင်းလဲမှုများ အကောင်အထည်ဖော်ရန် နိုင်ငံရေးအရ လိုက်ပါဆောင်ရွက်မှု၊ လုံလောက်သော ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်သော စီးပွားရေးပုံစံများလိုအပ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။
Source : FAO.org