Ramadan ဥပုသ်ကာလအတွင်းအသုံးပြုမည့် သွင်းကုန်များအတွက် ဒေါ်လာခွဲတမ်း သတ်မှတ်ရန်ဘင်္ဂလားဒေ့ရှ်ဘဏ်ကို ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထား

Tue, 01/10/2023 - 08:33 -- DotBorderdep

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

ယခုနှစ်နှောင်းပိုင်းတွင် Ramadan ဥပုသ်ကာလအတွင်း လိုအပ်သော ကုန်ပစ္စည်းများနှင့် မရှိမဖြစ်လိုအပ်သောကုန်စည်(၆)မျိုး အဆင်ပြေစွာတင်သွင်းနိုင်ရန်အတွက် ဒေါ်လာခွဲတမ်း သတ်မှတ် ပေးရန်ဘင်္ဂလားဒေ့ရှ်ဘဏ်အား ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ပထမအပတ်၊ ကြာသာပတေးနေ့တွင် တောင်းဆိုခဲ့ပါသည်။ ၎င်းတို့နိုင်ငံ၏ မရှိ မဖြစ်လိုအပ်သောကုန်စည်(၆)မျိုးမှာ ဟင်းချက်ဆီ၊ သကြား၊ ပဲ၊ ကြက်သွန်နီ၊ ကုလားပဲနှင့် စွံပလွန်သီးများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သောပစ္စည်းများ တင်သွင်းမှုကျဆင်းလာပြီး ကုန် ပစ္စည်းများဝယ်လိုအား များလာသောအခါ Ramadan ဥပုသ်လမတိုင်မီ ကုန်ပစ္စည်းဈေးနှုန်း များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သည့်အတွက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်သည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင် များတွေ့ဆုံဆွေးနွေးပွဲ၌ ဘဏ်များတွင် letters of credit (LCs) ဖွင့်လှစ်ရန် အမေရိကန် ဒေါ်လာ မလုံလောက်ပါသဖြင့် သွင်းကုန်များတိုးမြှင့်တင်သွင်းခြင်း မဆောင်ရွက်နိုင် ပါ ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးမှလည်း ၂၀၂၂ ခုနှစ်၏ နောက်ဆုံးသုံးလပတ် စာရင်းဇယား များအရ သကြားကုန်ကြမ်းတင်သွင်းမှု (၂၈)ရာခိုင်နှုန်း၊ ကုလားပဲတွင် (၄၇) ရာခိုင်နှုန်းနှင့် စွန်ပလွန်သီးတင်သွင်းမှု (၃၀) ရာခိုင်နှုန်းကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။

ကုန်စည်ဒိုင်များနှင့် တင်သွင်းသူများမှ ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေမှ LC များဖွင့်ရန် ရန်ပုံငွေအဖြစ် ဖြေလျော့ပေးရန် အစိုးရအားတိုက်တွန်းခဲ့ကြပါသည်။ ၎င်းတို့က(၁) ဒေါ်လာလျှင် ကာတာ(၁၁၁)အထိ ပေးဆောင်ရသောကြောင့် သွင်းကုန်အတွက် ဒေါ်လာလဲ လှယ်နှုန်းကို လျှော့ချရန်လည်း တောင်းဆိုခဲ့ကြပါကြောင်းလည်း ရေးသားဖော်ပြထားပါသည်။

ဘဏ်လုပ်ငန်းကဏ္ဍတွင် ဒေါ်လာရှားပါးမှုသည် အခြေခံကုန်စည်တင်သွင်းမှုကို ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်းလည်း ဖော်ပြထားပါသည်။ နောက်ဆက်တွဲရလဒ်အနေဖြင့် အချို့သော အခြေခံကုန်စည်များ၏ ဈေးနှုန်းသည် ပြည်တွင်းဈေးကွက်တွင် မြင့်တက်လာပြီးကုန်သည် အချို့သည် အချိန်နှင့်အမျှ အမြတ်အစွန်းများစွာရရှိနေကြောင်းလည်း ရေးသားဖော်ပြထားပါသည်။

 

ရင်းမြစ် - https://www.dhakatribune.com/commerce

Border Trade News

Pages