မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂) ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၂) ပုံမှန်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၃)၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

            အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံ့စီးပွားရေး ခိုင်မာတောင့်တင်းစေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေများ ခိုင်မာအားကောင်းရန် လိုအပ်ပါကြောင်း၊ ဥပဒေကို စတင်ရေးဆွဲခဲ့သည့်အချိန်နှင့် လက်ရှိအချိန်တို့အကြား ပကတိအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် စဉ်းစားဆောင်ရွက်ရမှာဖြစ်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုမှာဖြစ်ကြောင်း၊ ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းတွင် ယှဉ်ပြိုင်မှုဥပဒေများကိုရေးဆွဲပြဌာန်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  ယှဉ်ပြိုင်မှုဥပဒေများအကြား မတူကွဲပြားမှုများ၊ တူညီမှုအခြေအနေများကို လေ့လာကြည့်ရှုပြီး မိမိတို့ကော်မရှင်အနေဖြင့်  ကြုံတွေ့ခဲ့သော အတွေ့အကြုံများမှတစ်ဆင့် ရှေ့ဆက် ဆောင်ရွက်သွားသင့်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားပါသည်။

            အစည်းအဝေးကို ဆက်လက်ကျင်းပရာ ယခင် (၁/၂၀၂၁) ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၂၁ ခုနှစ်အတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံဒေသတွင်းနိုင်ငံများရှိ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကော်မရှင်က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို (၁၂:၃၀) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

            အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။