ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းနိုင်ရေး ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ထိန်းချုပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် အတွက် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးခြင်း၊ နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက် မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

ရုံးပိတ်ရက်ကာလအတွင်း အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန် နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၃၁-၇-၂၀၂၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator (၄၇၇၈)ခု၊Test Kit (၁၅၉၀၀) ခုတို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းများမှ အောက်စီဂျင်အရည် (Bowser) ယာဉ် (၂) စီးဖြင့် (၄၀) တန်၊ အောက်စီဂျင် အရည် (အိုးဖြင့်) (၁၁) တန်၊ အိမ်သုံးအောက်စီဂျင်စက် (Oxygen Concentrator) (၉၈၇၂)ခု၊ နှာခေါင်းစီး (Mask) (၁၄၁) တန်တင်သွင်းနိုင်ခဲ့ပါသည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၃၆)ခုမှ ယာဉ်စီးရေ (၅၇) စီးဖြင့် တင်သွင်းလာခြင်းဖြစ်ပါသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ၁၂-၇-၂၀၂၁ မှ ၃၁-၇-၂၀၂၁ ရက်နေ့အထိ ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်စီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၇၂၇) တန်၊ အောက်စီဂျင်အရည်(အိုးဖြင့်) (၅၆၇)တန်၊ အောက်စီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၁၄) တန်၊ အိမ်သုံးအောက်စီဂျင်စက် (၆၉၁၄၆)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask) (၁၁၀၄) တန် ၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် (၄)ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာကုန်သွယ်ရေးစခန်း များမှ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရပါသည်။