နောက်ဆုံးရ သတင်း

နေပြည်တော် ၊ အောက်တိုဘာလ ၅ ရက်
နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကားဟောင်းအပ်၍ ကားသစ် တင်သွင်းရန် သွင်းကုန် ပါမစ်ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာလ (၄) ရက်နေ့အထိ ကာလအတွင်း စုစုပေါင်း ကားတင်သွင်းရန် ပါမစ် (၁၀၉၃) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။
လာရောက် လျှောက်ထားသမျှ ကားပါမစ်များအရ ဂျပန်မှ အများဆုံးတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ နေ့စဉ်လာရောက်လျှောက်ထားမှုအများဆုံး Brand များမှာ မြန်မာနိုင်ငံသားများ အကြိုက်များသည့် Toyota ၊ Nissan ၊ Honda ၊ Mistubishi စသည့် ဂျပန်ကားများဖြစ်သော်လည်း စက်တင်ဘာလ (၃၀) ရက်နေ့က Chevrolet Brand (Pick Up) နှစ်စီးကို အမေရိကန်နိုင်ငံမှ ဝယ်ယူတင်သွင်းရန် လျှောက်ထားလာ ကြောင်း ၊ အောက်တိုဘာလ (၄) ရက်နေ့ကလည်း အမြင့်ကားများ ဖြစ်ကြသော Mercedes (Saloon) တစ်စီး နှင့် BMW (Saloon) တစ်စီးကို ဂျာမဏီနိုင်ငံမှ ဝယ်ယူတင်သွင်းရန်အတွက် ပါမစ်ထုတ်ပေးခဲ့ရကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် ၊ အောက်တိုဘာလ ၄ ရက်
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကညန ၊ MFTB ၊ MICB ၊ အကောက်ခွန်နှင့် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ပါဝင်သည့် One Stop Services အဖွဲ့သည် စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ သက်တမ်းလွန်မော်တော်ယာဉ်များအတွက် သွင်းကုန်ပါမစ်များကို ထုတ် ပေးလျက်ရှိရာ အောက်တိုဘာလ (၃) ရက်နေ့အထိ ကာလအတွင်း သွင်းကုန်ပါမစ် စုစုပေါင်း (၈၆၈) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။ ထုတ်ပေးခဲ့ပြီးသည့် သွင်းကုန်ပါမစ်များတွင် Toyota Saloon တင်သွင်းရန် ပါမစ်ထုတ်ပေးရမှု အများဆုံးဖြစ်ကြောင်း ၊ ပါမစ် (၈၆၈) စောင်အနက် Toyota Saloon အတွက် ပါမစ် (၄၃၃) စောင် ထုတ်ပေးခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၅၀% ဝန်းကျင်ရှိကြောင်း ၊ Wagon အုပ်စုတွင်လည်း Toyota Brand အတွက် ပါမစ်လျှောက်ထားမှုများပြီး ပါမစ် (၁၇၄) စောင် ထုတ်ပေးပြီးခဲ့ရာ လက်ရှိကာလ စုစုပေါင်း ထုတ်ပေးပြီးကားပါမစ် အရေအတွက်၏ ၂၀% ရှိကြောင်း သတင်းရရှိပါသည်။
၎င်းအပြင် ကားပါမစ်လာရောက် လျှောက်ထားမှုပမာဏ တစ်နေ့ထက်တစ်နေ့ မြင့်မားလာခဲ့ကြောင်း ၊ စက်တင်ဘာလ (၃၀) ရက်နေ့က တစ်ရက်အတွင်း ပါမစ် (၁၅၄) စောင်သာ အများဆုံးပမာဏအဖြစ် လျှောက် ထားမှုရှိခဲ့သော်လည်း အောက်တိုဘာလ (၃) ရက်နေ့တွင် တစ်ရက်အတွင်း ပါမစ် (၂၃၄) စောင် လာရောက် လျှောက်ထားခဲ့ကြောင်း One Stop Services အနေဖြင့် ကားပါမစ်များကို နေ့ချင်းအပြီး ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

နေပြည်တော် ၊ အောက်တိုဘာလ ၃ ရက်
သက်တမ်းလွန် မော်တော်ယာဉ်များအပ်နှံပြီး အစားထိုးတင်သွင်းရန် သွင်းကုန်ပါမစ်များ လာရောက် လျှောက်ထားကြရာတွင် စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကာလအတွင်း ဂျပန်နိုင်ငံထုတ် Toyota ၊ Nissan ၊ Honda ၊ Mitsubishi ၊ Isuzu ၊ Mazda စသည့် Brands များကို သာ လျှောက်ထားခဲ့ကြသည်။ သို့သော် စက်တင်ဘာလ (၃၀) ရက်နေ့တွင် Pick Up အုပ်စုမှ Chevrolet ကား (၂) စီးကို အမေရိကန်နိုင်ငံမှ ဝယ်ယူတင်သွင်းရန် ပါမစ်လာရောက်လျှောက်ထားသည်ဟု သတင်းရရှိသည်။
ယင်းနေ့က Chevrolet ကား (၂) စီး အပါအဝင် Saloon / Hatchback / Van အုပ်စုပါ ကားအစီးရေ (၁၁၀) ၊ Wagon အုပ်စုပါ ကားအစီးရေ (၄၀) နှင့် Bus အုပ်စုပါ Bus ကား (၂) စီး တင်သွင်းရန်အတွက် သွင်းကုန်ပါမစ် စုစုပေါင်း (၁၅၄) စောင်ကို နေ့ချင်းပြီး ထုတ်ပေးခဲ့ကြောင်း ၊ သွင်းကုန်ပါမစ် စတင်ထုတ်ပေး ခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ထိကာလအတွင်း ကားတင်သွင်းရန် သွင်းကုန်ပါမစ် စုစုပေါင်း (၆၃၄) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။

နေပြည်တော် ၊ စက်တင်ဘာလ ၃၀
သက်တမ်းလွန် မော်တော်ယာဉ်များအပ်၍ ကားသစ်တင်သွင်းရန် သွင်းကုန်ပါမစ်များကို စက်တင်ဘာ လ (၁၉) ရက်နေ့မှစ၍ လာရောက်လျှောက်ထားကြရာ စက်တင်ဘာလ (၂၈) ရက်နေ့အထိ စာရင်းအရ Bus ကား တစ်စီးမျှ မပါဝင်သေးသော်လည်း စက်တင်ဘာလ (၂၉) ရက်နေ့တွင် Toyota Brand Mini Bus တစ်စီး ကို ဂျပန်နိုင်ငံမှ တင်သွင်းရန် ပါမစ်စတင် လာရောက် လျှောက်ထားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ စက်တင် ဘာလ (၁၉) ရက်နေ့မှ စက်တင်ဘာလ (၂၉) ရက်နေ့အထိ ကာလအတွင်း ကားအစီးရေ စုစုပေါင်း (၄၈၀) အတွက် သွင်းကုန်ပါမစ် ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ၊ တင်သွင်းမှု အများဆုံး ကားအုပ်စုမှာ Saloon / Van / Hatchback အုပ်စုဖြစ်ပြီး တင်သွင်းသူအများဆုံးကြိုက်သည့် Brand မှာ Toyota ဖြစ်ကြောင်း သတင်းရရှိ သည်။

နေပြည်တော် ၊ စက်တင်ဘာလ ၂၉

ကားဟောင်းအပ်၍ ကားသစ်တင်သွင်းခွင့်ပြုသည့် အစီအစဉ်အရ ကားတင်သွင်းမည့်သူများအနေဖြင့် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကားပါမစ် များ နေ့စဉ်လာရောက်လျှောက်ထား ထုတ်ယူလျက်ရှိကြသည်။ စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ စက်တင်ဘာ လ ၂၈ ရက်နေ့အထိ ကာလအတွင်း ကားပါမစ်စုစုပေါင်း (၃၃၇) စောင် ထုတ်ပေးခဲ့ပြီးဖြစ်သည်။ ထုတ်ပေးပြီးခဲ့သည့် ပါမစ် (၃၃၇) စောင်တွင် Saloon/Van/ Hatchback အုပ်စုတွင် ပါဝင်သော ကားပါမစ် (၂၀၂) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း