နောက်ဆုံးရ သတင်း

ဒီဇင်ဘာ ၁၅ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ရေစကြိုမြို့တွင် မြန်မာနိုင်ငံသားများဘဏ်လီမိတက် ရေစကြိုဘဏ်ခွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၀၉း၄၅ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးမြင့်နိုင်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ ဥက္ကဌဖြစ်သူ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးနှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်ကို ၁၉၉၂ ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး မတည်ငွေရင်း Authorized Capital ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ဘဏ်လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရေစကြိုမြို့တွင် ၈ ခုမြောက်ဘဏ်ခွဲအဖြစ် တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘဏ်များဆက်လက်တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် လုပ်ငန်းပမာဏကြီးမားလာသည်နှင့်အမျှ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသများတွင်လည်းကောင်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် EXIM Bank အဖြစ်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံခြားဘဏ်လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံခြားငွေများရောင်းဝယ်သည့်လုပ်ငန်း (Authorized Dealer License) ရရှိပြီးဖြစ်သည်။ လက်ရှိတွင် Money Changer Counter (၃) ခု ဖွင့်လှစ်ထားပြီးဖြစ်သည်။ မြန်မာနိုင်ငံသားများဘဏ်လီမိတက်သည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကမဏ္ဍိုင်ဖြစ်သော ဘဏ်လုပ်ငန်းနှင့် ငွေကြေးကဏ္ဍကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်လျက် ရှိရာ နိုင်ငံခြားဘဏ်များနှင့် Corresponding Bank ထူထောင်ရေး ဆက်သွယ်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ရေစကြိုဘဏ်ခွဲသည် စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေနှင့် အချိန်ပိုင်းငွေလက်ခံခြင်း၊ ချေးငွေများ ထုတ်ချေးခြင်း၊ ပြည်တွင်းငွေလွှဲလုပ်ငန်းဆောင်ရွက်ပေးခြင်း၊ ငွေပေးအမိန့်လက်မှတ်များထုတ်ပေးခြင်း၊ နိုင်ငံခြားငွေ လုပ်ငန်းဆောင်ရွက်ပေးခြင်းစသော ဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာ ၁၃

၂၀၁၂ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၉)ရက် နံနက် ၀၉း၀၀ နာရီ အချိန်က မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေး ကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထင်ဟပ်စေသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများအား ထင်ရှားစွာ ပြသနိုင်သည့်အတွက် လွန်စွာ ကျေနပ်မိပါကြောင်း၊ ဒေသတွင်းနိုင်ငံများ အိမ်နီးချင်းနိုင်ငံများအကြား ခိုင်မာသည့် စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ မဖြစ်မနေ တိုးမြှင့်ဆောင်     ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ ဆက်လက်ပြီး ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကောင်းစုရွှင်၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ အသီးသီး အမှာစကား ပြောကြားပါသည်။

ယင်းနောက် မြန်မာတရုတ် ကုန်စည်ပြပွဲအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုး၊ ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ တယ်ဟုန် တိုင်းပြည်နယ် ပြည်သူ့ အစိုးရအုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

နေပြည်တော် - ဒီဇင်ဘာ ၁၃

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏  ကြာသပတေးနေ့စကားဝိုင်း ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်  ၉ း ၃၀ တွင် နေပြည်တော် ရုံးအမှတ် (၃) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ကြပါသည်။

          ဆွေးနွေးပွဲတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးမှ "မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးချက် အသိပညာပေး" ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် မိုးလေဝသအခြေအနေ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကြိုတင်ခန့်မှန်းခြင်း စသည်တို့နှင့်ပတ်သက်ပြီး Powerpoint Presentation ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးအောင်မှ ရာသီဥတုအခြေအနေနှင့် ဆည်စိုက်ခင်းများ ဆက်စပ်နေမှုကို ဖြည့်စွက်ဆွေးနွေးပြောကြားပါသည်။ ထို့နောက် မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ အထွေထွေမန်နေဂျာ ဦးလှမော်ဦးမှ နိဂုံးချုပ် စကားပြောကြားပါသည်။ ယင်းနောက် အထွေထွေမန်နေဂျာ ဦးလှမော်ဦးမှ ဆွေးနွေးဟောပြောသူ ဦးကျော်လွင်ဦးအား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ် ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ရန်ကုန်-ဒီဇင်ဘာ ၇       

 မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ILDEXCo.,Ltdတို့ပူးပေါင်းစီစဉ်မှုဖြင့် ပထမအကြိမ် နိုင်ငံတကာ  မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာပြပွဲနှင့် ဟောပြောပွဲဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် (၉)နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်းမကြီးနှင့် ဆေးဝါးစက်ရုံလမ်းထောင့်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အဆောက်အအုံတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ယခုအစိုးရလက်ထက် တွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ ကုန်စည်ပြပွဲများ ခင်းကျင်းပြသခြင်းသည် ကုန်သွယ်မှုတိုးတက်စေရန်နှင့် ဈေးကွက်နှင့်ကုန်စည်များကို ရှာဖွေဖော်ထုတ်ပေးနိုင်သည့် အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း၊ ယခု ကုန်စည်ပြပွဲသည် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းမည့် နည်းလမ်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ အရည်အသွေးမြင့်မားသော ကုန်စည်များဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးလာသောကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ၏ ဝယ်လိုအားမှာ တစ်နေ့တခြား တိုးပွားနေပြီဖြစ်ကြောင်း၊ ယနေ့ ပြသသည့် ပြကပွဲသည် မွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ခေတ်မီနည်းပညာ၊ ဆေးဝါးအသုံးအဆောင်များသည် မွေးမြူရေးနှင့် ရေလုပ်ငန်းပစ္စည်းများ၏ တန်ဘိုးမြင့်ထုတ်ကုန်များ တိုးချဲ့ ထုတ်လုပ်နိုင်မှုကိုများစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့အတူနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အထူးစီးပွားရေးဇုန် ဥပဒေတို့ကို   ပြဌာန်းထားပြီးဖြစ် သောကြောင့်   နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုဆောင်ရွက်နိုင်တော့မှာဖြစ်ကြောင်း၊ ယခုကုန်စည်ပြပွဲမှတစ်ဆင့် ကုန်သွယ်မှုနယ်ပယ်တွင်သာမက ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တွင် လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် စီးပွားရေးအဆက်အသွယ်များ ချိတ်ဆက်ပေးသွားမှာဖြစ်ကြောင်း  ပြောကြားသွားပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့(၁၈း၀၀)အချိန်တွင် နေပြည်တော်သင်္ဂဟဟိုတယ်တွင်ကျင်းပပြုလုပ်သည့်ဂျပန်နိုင်ငံဆူမီတိုမိုကော်ပိုရေးရှင်း (နေပြည်တော်ရုံးခွဲ)ဖွင့်လှစ်သည့်အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးမှ အမှာ စကားပြောကြားရာတွင် ယခုကဲ့သို့ နေပြည်တော်တွင် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ထည့်သွင်းပြောကြားပါသည်။

အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်၊ ဆူမီတိုမိုကော် ပိုရေးရှင်း Senior Adcisor, Mr. Motoyuki Oka ၊ ဆူမီတိုမိုကော်ပိုရေးရှင်းဥက္ကဌနှင့်အမှုဆောင် အရာရှိချုပ် Mr.Kohei Hirao နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း