တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ

တီထွင်မှုဟုဆိုရာတွင် အများအားဖြင့် ကျွန်ုပ်တို့သည် ထူးခြားဆန်းကြယ်သော တီထွင်မှုများကိုသာ ဦးစွာတွေးမိကောင်း တွေးမိတတ်ကြပေလိမ့်မည်။ အမှန်တကယ် တွင် တီထွင်မှုမူပိုင်ခွင့်ဥပဒေပါ တီထွင်မှုဆိုသည်မှာ ထုတ်ကုန်(Product) သို့မဟုတ် ထုတ်လုပ်မှု နည်းစဉ် (Process) ဆိုင်ရာ ဖန်တီးမှုတစ်ခုကို ဆိုလိုပါသည်။

တစ်နည်းဆိုသော် ယင်းထုတ်ကုန် သို့မဟုတ် ထုတ်လုပ်မှုနည်းစဉ်တို့၏ တွေ့ကြုံနေရသည့် အခက်အခဲပြဿနာကို နည်းပညာတစ်ရပ်ရပ်ဖြင့် ဖြေရှင်းပေးခြင်းပင်ဖြစ် သည်။ မူပိုင်ခွင့်အကာအကွယ် ရယူခြင်းအမျိုးအစား အမျိုးမျိုးရှိသည့်အနက် လူတို့၏တီထွင်ဖန်တီးထားသော တီထွင်မှုများကို အကာအကွယ်ပေးသည့် တီထွင်မှု မူပိုင်ခွင့်သည် အရေးပါသော မူပိုင်ခွင့်အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။ ဥပမာအားဖြင့် ယနေ့ထိတိုင် ကျွန်ုပ်တို့အားလုံး အသုံးပြုနေကြသော စက္ကူများကိုတွဲသည့် ကလစ် (paperclip) မှာ အမေရိကမှ George Griffiths ဆိုသူက တီထွင်ခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့် ရရှိခဲ့သည့် တီထွင်မှုတစ်ခုဖြစ်ပါသည်။ အခြားဥပမာတစ်ခုအနေဖြင့် ခဲတံနှင့် ခဲဖျက် တွဲဆက်ထားသော တီထွင်မှုမူပိုင်ခွင့်သည်လည်း ၁၈၅၈ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ Hymen Lipman မှ ရရှိခဲ့ပြီး ၎င်းတီထွင်မှုကို ကျွန်ုပ်တို့အားလုံး ယနေ့ထိတိုင် အသုံးပြုလျက်ရှိပါသည်။

တီထွင်မှုမူပိုင်ခွင့်ဆိုသည်မှာ နိုင်ငံ သို့မဟုတ် ဒေသတစ်ခု၏ တီထွင်မှုမူပိုင်ခွင့် ဥပဒေအရ ၎င်း၏နယ်မြေဒေသတွင်  တီထွင်မှုတစ်ခုကို အကာအကွယ်ပေးသည့် မူပိုင် ခွင့် အမျိုးအစားတစ်ခုဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့် ရရှိနိုင်ရန်အလို့ငှာ သက်ဆိုင်ရာနိုင်ငံ သို့မဟုတ် ဒေသတစ်ခုခုရှိ မူပိုင်ခွင့်ရုံးများသို့ သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမည်ဖြစ်ပါသည်။ ယင်းသို့လျှောက်ထားရာတွင် တီထွင်မှုနှင့်သက်ဆိုင်သည့် နည်းပညာဆိုင်ရာ အချက်အလက်များကို အများပြည်သူသိရှိစေရန်အတွက် တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်တွင် ထုတ်ဖော်ပြသရမည် ဖြစ်ပါသည်။ မူပိုင်ခွင့်ရုံးမှ တီထွင်မှုမူပိုင်ခွင့်ကို ခွင့်ပြုချက်ရရှိပါက တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် အဆိုပါတီထွင်မှုကို အကာအကွယ်ရရှိထားသော ကာလအတွင်းတွင် မိမိ၏ခွင့်ပြုချက်မပါဘဲ စီးပွားဖြစ်ပြုလုပ်ခြင်း၊ အသုံးပြုခြင်း၊ တင်ပို့ခြင်း၊ ရောင်းချခြင်းများကို တားမြစ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် တီထွင်မှုမူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် ၎င်း၏တီထွင်မှုကို အခြားသူများအား ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း သို့မဟုတ် လိုင်စင်ချထားပေးခြင်း စသည့်အပြန်အလှန်သဘော တူညီချက်ဖြင့် ခွင့်ပြုချက်ပေး နိုင်မည်ဖြစ်သည့်အပြင် အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခြင်း  သို့မဟုတ် ရောင်းချခြင်းတို့ကို  ပြုလုပ်နိုင်သည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။

တီထွင်မှုမူပိုင်ခွင့် အကာအကွယ်ရရှိပြီးသော တီထွင်မှုများသည် လူသားတို့အတွက် အရေးပါသောကဏ္ဍအတော်များများတွင် အမှန်တကယ် အကျိုးပြုလျက်ရှိပါသည်။ ဥပမာ များစွာရှိသည့်အနက် Edison & Swan တို့၏ တီထွင်မှုမူပိုင်ခွင့်ဖြစ်ခဲ့သော လျှပ်စစ်မီးသီးတီထွင်မှုမှာ လူသားအားလုံးအတွက် ယနေ့ထိတိုင် အဖိုးမဖြတ်နိုင် သော တီထွင်မှုဖြစ်ပြီး Biro ၏ ဘောလ်ပင်၊ Intel ၏ Microprocessors အစရှိသည်တို့မှာ ထင်ရှားသော တီထွင်မှုဆိုင်ရာ ဥပမာများပင်ဖြစ်ပါသည်။

တီထွင်မှုများကို မူပိုင်ခွင့်အကာအကွယ်ပေးခြင်းစနစ်အရ တီထွင်ဖန်တီးမှုများ ပိုမိုဖြစ်ပေါ်စေကာ  လူမှုအသိုင်းအဝိုင်းအတွက် အဆင့်မြင့်သော တီထွင်မှုများ ပေါ်ထွက် လာနိုငပြီး လူသားအားလုံးအနေဖြင့်လည်း လူနေမှုအဆင့်အတန်းများ မြင့်မားလာစေမှာ ဖြစ်ပါသည်။ တီထွင်မှုမူပိုင်ခွင့်စနစ်အရ တီထွင်မှုတစ်ခုကို သတ်မှတ်ထားသည့် သက်တမ်းကာလ တစ်ခုအတွင်း အကာအကွယ်ပေးနေချိန်တွင် အဆိုပါ တီထွင်မှု သတင်းအချက်အလက်များကို လျှောက်ထားစဉ်ကာလကတည်းကပင် အများပြည်သူသို့ ထုတ်ပြန်ကြေညာ ပေးခြင်းအားဖြင့် ပြည်သူများမှ အသစ်သစ်သောတီထွင်မှုများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး စီးပွားဖြစ်အသုံးပြုခြင်းမှအပ ပညာရေး၊ သုတေသန စသည့်နယ်ပယ်များတွင် ကိုးကားအသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အတူ တီထွင်မှုသက်တမ်းကာလ ကုန်ဆုံးသွားပါ က အဆိုပါ တီထွင်မှုမှာ ပြည်သူများဆီသို့ ရောက်ရှိသွားမှာဖြစ်ပြီး မည်သူမဆို ဥပဒေကို ချိုးဖောက်ခြင်းမဖြစ်ဘဲ လွတ်လပ်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာ ဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြောရေးတို့ကို အပြန်အလှန် အကျိုးပြုစေရန်၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူး လွှဲပြောင်းရေးတို့ကို မြှင့်တင်နိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်ရေးအတွက် အားပေးရန် ရည်ရွယ်၍ တီထွင်မှုများကို အကာအကွယ်ပေးမည့် တီထွင်မှုမူပိုင်ခွင့် ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ ၁၁ ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ တီထွင်မှုမူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်လာပါက တီထွင်သူများ၏ တီထွင်ဖန်တီးမှုမှန်သမျှအတွက် ခြံစည်းရိုးများသဖွယ် မူပိုင်ခွင့်အကာအကွယ် ရရှိလာမှာ ဖြစ်ပြီး တီထွင်ဖန်တီးမှုမှ အကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ပါသည်။ ဤကဲ့သို့ တီထွင်မှုမူပိုင်ခွင့် အကာအကွယ်များရရှိလာပါက နိုင်ငံအတွင်း တီထွင်ဖန်တီးမှုများ မြင့်မားတိုးတက်လာမည်ဖြစ်ပြီး တီထွင်ဖန်တီးမှုများ၏ အကျိုးရလဒ်အဖြစ် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ စက်မှုလက်မှုနှင့် လူမှုအဆင့်အတန်းကဏ္ဍ အားလုံးကို တိုးတက်ဖွံ့ဖြိုးလာစေမည်ဖြစ်ပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့်လည်း တီထွင်မှုမူပိုင်ခွင့်ဥပဒေအပါအဝင် အခြား သောမူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်လာစေရေးနှင့် မူပိုင်ခွင့်ဆိုင်ရာ မှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်းသော လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ (ဆက်လက် ဖော်ပြပါမည်)

There is currently no content classified with this term.

Subscribe to RSS - တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ