စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ

စက်မှုဒီဇိုင်းဆိုသည်မှာအဘယ်နည်း?

စက်မှုဒီဇိုင်းဆိုမှာ အရာဝတ္ထုတစ်ခုကို  လှပတင့်တယ်လာစေရန် တန်ဆာဆင်ခြင်း၊ အမြင်ပသာဒရှုမြင်စဖွယ်ဖြစ်လာစေရန် ပြုလုပ်ထားခြင်းကို ဆိုလိုသည်။ အရာဝတ္ထုတစ်ခုကို ဖန်တီးရာတွင် မျဉ်းကြောင်းများ၊ ကောက်ကြောင်းများ၊ အရောင်များဖြင့် ပြုလုပ်နိုင်ပြီး နှစ်ဖက်မြင်ပုံများဖြစ်နိုင်သလို သုံးဖက်မြင်ပုံဖော် ထားခြင်းများလည်းပါဝင်နိုင်ပါသည်။

စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများအားလုံးတို့၌ ဒီဇိုင်းပုံစံများကို အမျိုးမျိုးဖန်တီး ပြုလုပ်ထားကြပါသည်။ အဝတ်အထည်ဒီဇိုင်းပုံစံများ၊ လက်ဝတ်ရတနာဒီဇိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ နာရီများ၊ မော်တော်ယာဉ်များ၊ ဇိမ်ခံပစ္စည်းများ၊ အိမ်အတွင်းပိုင်းဆိုင်ရာ ဒီဇိုင်းများ၊ ထုတ်ပိုးမှုဒီဇိုင်းများစသည့် မျက်စိဖြင့်သိသာမြင်သာ စေသည့် ဒီဇိုင်းများအားလုံးကို ဝယ်ယူသုံးစွဲမည့်သူများအား ဆွဲဆောင်မှုရှိစေရန်၊ ဈေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်ရန် ဖန်တီးပြုလုပ်ထားသောပစ္စည်းများအားလုံး ပါဝင်ပါသည်။

စက်မှုဒီဇိုင်းများကို အကာအကွယ်ပေးရန် ဘာကြောင့်လိုအပ်ပါသလဲ?

ဝယ်ယူသုံးစွဲမည့် သူများသည် ထုတ်ကုန်တစ်ခု၏ အပြင်ပန်း ပုံသဏ္ဍာန်ပေါ်မူတည်၍ ရွေးချယ်ဝယ်ယူသည့်အတွက် ဒီဇိုင်းတစ်ခု၏ ဆန်းသစ်တီထွင်မှုသည် အလွန် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပါသည်။ ကောင်းမွန်သော စက်မှုဒီဇိုင်းထုတ်ကုန်များသည် ထုတ်လုပ်သူများနှင့် စက်မှုဒီဇိုင်းတွင် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများအတွက် ယှဉ်ပြိုင်မှုအားသာချက်ကို ဖန်တီးပေးကာ အဆိုပါစက်မှုဒီဇိုင်းတွင် ရင်းနှီးမြုပ်နှံပါက ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ပြီး အမြတ်အစွန်းများ ပိုမိုရရှိလာနိုင်ပါသည်။ ထုတ်လုပ်သူများသည် ၎င်းတို့ပိုင်ဆိုင်သော စက်မှုဒီဇိုင်းများကို ဥပဒေဖြင့် အကာအကွယ်ရယူနိုင်ပါက ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများကို အပြည့်အဝ ပိုမိုလုပ်ဆောင်နိုင် ခြင်း၊ ခေတ်မီဆန်းသစ်သော ဒီဇိုင်းများ ဈေးကွက်တွင် ပိုမိုထွက်ပေါ်လာနိုင်ခြင်း၊ ပိုမိုထုတ်လုပ်နိုင်ခြင်း၊ သုံးစွဲသူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။

စက်မှုဒီဇိုင်းကို အကာအကွယ်ပေးထားပါက စက်မှုဒီဇိုင်းပိုင်ရှင် သို့မဟုတ် အခွင့်အရေးရရှိသူတို့၏ ခွင့်ပြုချက်မရဘဲ စက်မှုဒီဇိုင်း၏ တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကို ဖြစ်စေ ပုံတူကူးယူခြင်း သို့မဟုတ် ဆင်တူရိုးမှားပြုလုပ်ခြင်း၊ စီးပွားဖြစ်ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းများကို တားဆီးနိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ တားဆီးနိုင်ခြင်းအားဖြင့် စက်မှုဒီဇိုင်းပိုင်ရှင်သည်  မူပိုင်ခွင့်ရရှိထားသော စက်မှုဒီဇိုင်းအတွက် အကျိုးခံစားခွင့်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

စက်မှုဒီဇိုင်းများကို မည်ကဲ့သို့ ကာကွယ်မှုရယူထားနိုင်ပါလဲ?

စက်မှုဒီဇိုင်းတစ်ရပ်ရပ်သည် အသစ်ဖြစ်သည့်အပြင် တုပမှုကင်းစွာဖန်တီးထားခြင်း ဖြစ်ပါကအကာအကွယ် ရရှိနိုင်မည်ဖြစ်ပါသည်။ စက်မှုဒီဇိုင်း အကာအကွယ်ပေးမှု သက်တမ်းမှာ ယေဘုယျအားဖြင့် မှတ်ပုံတင်လျှောက်ထားချက်တင်သွင်းသည့်နေ့မှ (၅)နှစ်ဖြစ်ပြီး နောက်ထပ်တစ်ကြိမ်လျှင် (၅) နှစ်စီဖြင့် နှစ်ကြိမ်ထိသက်တမ်းတိုး နိုင်ပါသည်။ စက်မှုဒီဇိုင်းကို မှတ်ပုံတင်ထားသည့် နိုင်ငံ၏နယ်နိမိတ်အတွင်း၌သာ အကာအကွယ်ပေးနိုင်ပါသည်။

မြန်မာနိုင်ငံတွင် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၂) အနေဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။ ယခုအခါ အဆိုပါ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေအား အာဏာသက်ဝင်နိုင်စေရန် လိုအပ်သော နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

 

မူပိုင်ခွင့်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည့် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အကြောင်းပြန်ကြားစာတွင် ပါဝင်ရမည့် အချက်အလက်များ

Mon, 03/18/2024 - 08:47 -- ipICTdep
Subscribe to RSS - စက်မှုဒီဇိုင်းမူပိုင်ခွင့်အကြောင်းသိကောင်းစရာများ