စစ်ကိုင်းတိုင်းဒေသကြီးမှာ ဆောင်းသီးနှံ အစေ့ထုတ်ပြောင်းနဲ့ မြေထောက်ပဲများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်သလို နွေစပါးလျာထားချက်လည်း ပြည့်မီမည်

အစေ့ထုတ်ပြောင်း အရောင်းအဝယ်ကောင်း    
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၁၅-၂၀၁၆ခုနှစ် ဆောင်းသီးနှံ အစေ့ထုတ်ပြောင်း  ဧက၂၆၀၀၀ ကျော်စိုက်ပျိုးပြီး ယခုအချိန်မှာ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်လို့   မုံရွာကုန်စည်ဒိုင်သို့ မြောင်မြို့နယ် နဲ့ ချောင်းဦးမြို့နယ်များမှ  အစေ့ထုတ်ပြောင်းများ နေ့စဉ်တင်း ၃၀၀၀မှ ၅၀၀၀  ကြား ဝင်ရောက်ပါတယ်။ ဝင်ရောက်သမျှ အစေ့ ထုတ်ပြောင်းများကို  ဒေသသုံးအပြင် မန္တလေးCP ကုမ္ပဏီနှင့် ရွှေဘို CP ကုမ္ပဏီတို့ကဝယ်ယူသဖြင့် မုံရွာကုန်စည်ဒိုင်၌ အရောင်း အဝယ်  အကောင်းဆုံးသီးနှံသည်  အစေ့ထုတ်ပြောင်း ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ  သိရပါတယ်။ တစ်ဧက တင်း ၇၀ ကျော်ထွက်သော အစေ့ထုတ်ပြောင်း CP888  မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး  တစ်ဧကကုန်ကျစရိတ် နှစ်သိန်းဝန်းကျင်ခန့် ကုန် ကျကြောင်း ဝရာကျေးရွာမှ တောင်သူတစ်ဦးက ပြောပြလို့သိရ ပါတယ်။ ၂၀၁၆ ခုနှစ် မတ်လအတွင်း မုံရွာကုန်စည်ဒိုင်၌ အစေ့ ထုတ်ပြောင်း တစ်တင်း ပေါက်ဈေးမှာ ၈၀၀၀ ကျပ်ဝန်းကျင် ဈေး ပေါက်ပြီး၊ ယခင်နှစ်ကာလတူပေါက်ဈေးမှာ ၆၆၀၀ ကျပ် ဝန်းကျင် ဈေးပေါက်ခဲ့ပါတယ်။

မြေထောက်ပဲများ မုံရွာကုန်စည်ဒိုင်သို့ဝင်    
ဟုမ္မလင်း၊ ဖောင်းပြင်နှင့် ကလေးဒေသထွက် ဆောင်းစိုက် မြေထောက်ပဲများ မုံရွာကုန်စည်ဒိုင်သို့ တစ်ရက်အိတ်၂၀၀၀ခန့် ဝင်ရောက်လာကြောင်း  ွျှဃဃှု ရဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရ ပါတယ်။ မြေထောက်ပဲ  တစ်တင်း ၁၇၀၀၀ကျပ်ခန့်ရှိပြီး အရည် အသွေးကောင်းသော်လည်း အလုံးအနည်းငယ် သေးလာတယ်လို့ ကုန်သည်တွေကပြောပါတယ်။  စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် မြေထောက်ပဲစိုက် ဧက ၆၅၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။
နွေစပါး ၁၃ ရာခိုင်နှုန်းစိုက်ပျိုးပြီး
စစ်ကိုင်းတိုင်းဒေသကြီး  နွေစပါး ၅၁၀၅၀၀ ဧက လျာထား၍ မတ်လတတိယပတ်အထိ စိုက်ဧက ၆၈၀၀၀ ကျော် ၁၃ ရာခိုင်နှုန်း စိုက်ပျိုးပြီး၊ ကာလတူထက် ဧက ၃၀၀၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရပါတယ်။ ယခင်နှစ်က သဖန်းဆိပ်ရေလက်ကျန် နည်းခဲ့သဖြင့် နွေစပါးကို ၁ ဒသမ ၇၅ သိန်းဧကသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်မှာ သဖန်းဆိပ်ဆည်ရေ မတ်လတတိယပတ်ထိ ဧကပေ ၂၃ သိန်းကျော် ရှိပြီး ကာလတူက ဧကပေ ၁၃သိန်းကျော်သာ ရှိခဲ့ပါတယ်။ သဖန်း ဆိပ်ဆည်ရေ လုံလောက်စွာရှိသဖြင့် ယခုနှစ်နွေစပါးတိုင်း လျာ ထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်မယ်လို့သိရပါတယ်။
သန်းသန်းတင်-မုံရွာ