လက်ကျန်တောင်ပျံစပါး ဈေးကောင်းပေမယ့် ဧည့်မထစပါး ဈေးငြိမ်နေခဲ့

      ပြည်ဆန်စပါးဈေးကွက်မှာ ဆန်ဈေး၊ စပါးဈေးများ ယခုလတွင် ဈေး ငြိမ်လျက်ရှိနေပြီး၊ နတ္တလင်း တောင်ပျံမွှေးစပါးကတော့ လက်ကျန်စပါးဖြစ်လို့ ဈေးဆက်လက်ကောင်းလျက်ရှိပါ တယ်။  နယ်ဘက်သို့ အထွက်မရှိသလောက်လည်းဖြစ်နေပါတယ်။ ဒေသတွင်း အရောင်းအဝယ်ကတော့ ပုံမှန်ရှိနေပါတယ်။ တောင်ပျံမွှေးတင်း ၁၀၀၊ ၄၆ ပေါင်ကိုက်ဈေး ၈၀၉၆၀၀ ကျပ် ထိ ပေါက်ဈေးအမှန်ဖြစ်နေပြီး၊ ဆန်တစ်အိတ်ဈေးကတော့ (လတ်စ) ၃၉၀၀၀ ကျပ်နဲ့ (ထိပ်စ) ၄၀၀၀၀ ကျပ်ဖြစ်နေပါတယ်။ ဧည့်မထစပါးဈေး၊ ဆန်ဈေးက အတော်လေးကိုငြိမ်နေပါတယ်။ နယ်သို့ အတင်မရှိကြောင်း၊ မူဆယ်လိုင်းဘက်သို့ အရောင်းအဝယ်ပိတ်ထားကြောင်းလည်း သိရပါတယ်။ ဧည့်မထ (မိုး) စပါးတင်း ၁၀၀ ၊ ၄၆ ပေါင်ကိုက် ဈေး ၅၃၃၆၀၀ ကျပ်နဲ့ စပါးဈေး ငြိမ်နေပြီး အကျဘက်ကိုရောက်လာတာ တွေ့ရပါတယ်။ ဆန်တစ်အိတ်ဈေး (လတ်စ) ၂၀၀၀၀ကျပ်နဲ့ (ထိပ်စ) ကျပ် ၂၁၀၀၀ ဖြင့် အတက်အကျမရှိဘဲ ဈေးငြိမ်နေပါတယ်။ ဒေသတွင်း ဧည့်မထ စပါးဈေး ကတော့ ပုံမှန် ၄၈၇၆၀၀  ကျပ်ဖြစ်ပြီး၊ ဆန်တစ်အိတ်ဈေး  (လတ်စ) ၁၈၅၀၀ ကျပ်၊ (ထိပ်စ) ၁၉၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။
     ဇူလိုင်လနောက်ဆုံးပတ်ထိ ဆန်ဈေး၊ စပါးဈေးတွေဟာ ကျလာတယ် လို့ဆိုရပေမယ့် ဧည့်မထ (မိုး) စပါးလက်ကျန်နဲ့  နွေစပါးပေါ်လာတဲ့အချိန် ဖြစ်လို့၊ စပါးနှစ်မျိုးရောပြီး ဆန်သား အဖြစ် ရောင်းဝယ်ကြတဲ့အတွက် ဈေးကျလာတာလို့ ဈေးကွက်ကဆိုပါတယ်။ စားသုံးသူက စပါးအဟောင်း၊ ဆန်အဟောင်းဆိုပြီး စားသုံးတဲ့အခါ ထမင်းအေးခဲသွားတဲ့အခါမှာ ထွေးခဲနေ တာတွေ့ရပါတယ်။ ဧည့်မထမိုးဟောင်းစပါးမဟုတ်ဘဲ ဆန်ကုန်သည်များရဲ့ စပါးရောဈေးကွက်သာဖြစ်ကြောင်းလည်း သိရပါတယ်။    

 

နီနီဝင်း-ပြည်