ဇူလိုင်လကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံဈေးမြင့်နေပြီး ကုလားပဲဈေးမြင့်ကာ ပဲခွဲစက်သမား ပုံမှန်အဝယ်ရှိ

     ဇူလိုင်လကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တဲ့ ပဲများရဲ့ဈေးနှုန်းများကို လေ့လာရာမှာ ပြည်ပဝယ်လိုအားရှိသော မတ်ပဲနှင့်ပဲစင်းငုံသီးနှံများ ဈေးငြိမ်နေကာဒေသ တွင်း ဝယ်လက်အဝယ်များတဲ့ ကုလားပဲသီးနှံကတော့ ဈေးမြင့်တက်လာခဲ့ပြီး ပဲကြီးသီးနှံနှင့် ပဲပုပ်သီးနှံများ ဈေးငြိမ်လျက်ရှိနေတာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ ပဲအဝင်မရှိဘဲလက်ကျန် ပဲများသာရှိခဲ့ရာ ယခုရက်ပိုင်းတွင်း မိုးရွာသွန်းမှုများပြီး အရောင်းအဝယ်လည်း အေးနေတဲ့အတွက် အိတ် ၂၀၀ ကျော် ၃၀၀ ခန့်သာ တချို့ရက်တွေမှာ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိခဲ့ပါ တယ်။ ပဲဈေး နှုန်းမှာ ဇူလိုင်လလယ်တွင် ဈေးမြင့်တက်ပြီး ဝယ်လိုအားလည်း ကောင်းနေပေမယ့် ဇူလိုင်တတိယပတ်မှစ၍ ပဲဈေးပြန်အေးသွားပြီး တစ်တင်း ၄၁၅၀၀ ကျပ်ဖြင့် အရောင်းအ ဝယ်အေးသလို ဈေးလည်းအေးခဲ့ပါတယ်။ ယခုလကုန်ပတ်မှာလည်း ၎င်းင်းဈေးအတိုင်း ဈေးဆက်ငြိမ်နေခဲ့ကြောင်း သိရပါတယ်။
     ပဲစင်းငုံသီးနံှမှာ လက်ကျန်ပဲများသာရှိလို့ ပဲအဝင်မရှိတော့ပေမယ့်  ရန်ကုန်ဝယ်လက် ဝယ်ယူသည့်ရက်တွင် အိတ် ၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲစင်းငုံ မတ်ပဲသီးနှံမှာ မေလမှစ၍ ပြည်ပဝယ်လိုအားရှိတဲ့အတွက် ဈေးပြိုင်မြင့်တက်ခဲ့ရာ ဇွန်လအတွင်းမှာလည်း ဈေးဆက်ကောင်းပြီး တစ်တင်း ကျပ်လေးသောင်းအထက် ရနေခဲ့သလို ယခု ဇူလိုင်လအတွင်းမှာလည်း အရောင်းအဝယ်အေးပေမယ့် ဈေးကတော့ ကျပ်လေးသောင်းအောက်မလျော့ဘဲ ဈေးကောင်းကောင်းနဲ့ ဈေးဆက်ငြိမ်နေခဲ့ပါတယ်။ ပဲစင်းငုံ တစ်တင်း ၄၃၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ကဈေးအတိုင်း ဈေးငြိမ်ပြီး ယခင်နှစ်က ဇူလိုင်လကုန်ဈေးထက် ကျပ်နှစ်သောင်း ကျော်ပိုရခဲ့တာကို တွေ့ရပါတယ်။ ကုလားပဲသီးနှံမှာ လက်ပံတန်းမြို့နယ်၊ ပြည် ခရိုင်၊ ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်း ကံမမြို့နယ်များမှ ပဲလက်ကျန်များ ဝင်ရောက်လို့ ဝင်လာတဲ့ပဲများရော လှောင်ပဲများပါ ရောင်းချခဲ့ကြရပါတယ်။ ခွဲစက်သမား နေ့စဉ်အဝယ်ရှိလို့ အိတ် ၃၀၀ နှင့် ၄၀၀ ကြား ရောင်းချခဲ့ပြီး ပဲဈေးမှာ တစ်တင်း ၂၇၅၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ကထက် ဈေးပိုလာခဲ့တာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က  ကုလားပဲဈေးမှာ တစ်တင်း ၂၆၆၀၀ ကျပ်သာရရှိခဲ့ပြီး လဆန်းရက်မှာလည်း တစ်တင်း ၂၄၆၀၀ ကျပ်သာ ရရှိခဲ့တဲ့အတွက် အခြားပဲများဈေးငြိမ်ပေမယ့် ကုလားပဲဈေးကတော့ တရိပ်ရိပ်မြင့်တက်နေခဲ့တယ်လို့ သိရပါ တယ်။
     ပဲကြီးသီးနှံကတော့ ပဲအဝင်ပါးလို့ လက်ကျန်ပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်ကာ ပဲလှော်ဖိုလုပ်ငန်းသမားများ အဓိကထား ဝယ်ယူနေကြတာကြောင့် အိတ် ၄၀၀ ကျော် အရောင်းအ ဝယ် ဖြစ်ခဲ့ပါတယ်။ လက်လီသမားအချို့လည်းဝယ်ယူနေပြီး ပဲဈေးနှုန်းမှာယခင်တစ်ပတ်ဈေးအတိုင်း ရွှေကျွန်း တစ်တင်း ၂၈၀၀၀ ကျပ်၊ ကမ်းနား တစ်တင်း ၂၆၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ ပါတယ်။ ပဲကြီးဈေးနှုန်းများမှာလည်း ဇူလိုင်လ ဆန်းဈေးနှုန်းထက်ဈေးပိုခဲ့သလို ယခင်နှစ်က ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်လည်း အနည်းငယ် ပိုရခဲ့တာကို တွေ့ရပါ တယ်။ ပဲပုပ်သီးနှံဈေးမှာ ယခုနှစ်ဈေးက တစ်နှစ်တာလုံး ဈေးအတက်အကျသိပ်မဖြစ်ခဲ့ဘဲ မေ၊ ဇွန်လ များမှစ၍ ဈေးငြိမ်ကာ တစ်တင်း ၁၆၅၀၀ ကျပ်ဖြင့် လက်လီသာ အဝယ်ရှိခဲ့ကြပါ တယ်။ ယခင်နှစ်က ဈေးမှာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ဇူလိုင်လအတွင်း ဈေးရခဲ့သော်လည်း ယခုနှစ်ဈေးကတော့ ယခုချိန်ထိ ဈေးကောင်းမရခဲ့ဘဲ ဈေးအေးနေခဲ့တဲ့ သီးနှံဖြစ်ခဲ့ပါတယ်။                 

 

ခင်ဆွေဝင်း-ပြည်