အောင်ပွဲခံနေဆဲ စစ်ကိုင်းပဲတီစိမ်း

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပဲတီစိမ်းကို တစ်နှစ်လျှင်သုံးကြိမ် စိုက်ပျိုး၍ တစ် နှစ်ပတ်လုံးထွက်ပေါ်လျက် ရှိပါတယ်။  မိုးကြိုပဲတီစိမ်းကို ရေသွင်းစိုက်ပျိုးကြတဲ့ အတွက် တစ်ဧကလျှင် ကုန်ကျစရိတ်ကျပ် ၁ ဒသမ ၅ သိန်းကျော်ရှိပြီး အထွက်နှုန်းမှာ ၈တင်းမှ ၁၀ တင်းကြား ထွက်ရှိကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ ရေဦး၊ တန့်ဆည်၊ ကနီ၊ ပုလဲမြို့နယ်များမှ ယခုထွက်ပေါ်နေတဲ့ မိုးကြိုပဲတီစိမ်း တင်း ၁၀၀၀ ကျော်  ဝင်ရောက်လျက်ရှိပြီး၊ တရုတ်ဝယ်လက်အဆွဲရှိ၍ ဝင်ရောက်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂၀၁၅-၂၀၁၆ခုနှစ် မိုးပဲတီစိမ်း လျာထား ဧက လေးသိန်းနှစ်သောင်းကျော်အနက် ဧက နှစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးပြီးဖြစ်လို့ ၆၅ ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီး  ဆက်လက်စိုက်ပျိုးရန်  အတွက် တောင်သူများက မိုးကို မျှော်လင့်နေကြပါတယ်။   မုံရွာကုန်စည်ဒိုင်မှာ ၂၀၁၅ခုနှစ်၊ဇူလိုင်လ ပထမပတ် အတွင်း ပဲတီစိမ်းတစ်တင်းပေါက်ဈေး အနိမ့်အမြင့်မှာ ၃၈၀၀၀ ကျပ်၊ ၃၈၅၀၀ ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ ပေါက်ဈေးမှာ ၃၆၀၀၀ ကျပ်၊ ၃၇၀၀၀ ကျပ်ဈေးပေါက်ခဲ့ပါ တယ်။                            သန်းသန်းတင်-မုံရွာ