ဗဟိုဘဏ်၏ကန့်သတ်ချက်ထိရောက်မှုမရှိခြင်းကြောင့် ငွေလဲနှုန်းများပြန်လည်မြင့်တက်

   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗဟိုဘဏ်၏ထိန်းညှိမှုကြောင့် ပြည်တွင်းငွေလဲနှုန်းများ အနည်းငယ်ကျဆင်းခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ ပြန်လည်မြင့်တက်လာ ခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ ပုဂ္ဂလိက ဘဏ်များ၏ ငွေလဲဈေးကွက်အတွင်းတွင်မူအဝယ်သာရှိပြီး အရောင်းကောင်တာများကို ပိတ်ထားကြောင်းသိရ သည်။

   ''ကျွန်တော်တို့ဘဏ်မှာ အဝယ်ပဲရှိပါတယ်။ အဝယ်ကိုတော့ မေ ၂၂ရက်ဈေး ၁၀၉၀ ကျပ်နဲ့ဝယ်ပေးပါတယ်။ အရောင်းကောင်တာကို ပိတ်ထားပါတယ်။ အရောင်းကိုတော့ အဝယ်ရှိသလောက်ပဲ ရောင်းပေးပါတယ်''ဟု အေဂျီဒီဘဏ်မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ဗဟိုဘဏ်၏ ဝင်ရောက်ထိန်းညှိပေးမှု ကြောင့် ပြည်တွင်းငွေလဲနှုန်းများသည် ၁၁၀၀ ကျပ်သို့ ကျဆင်းသွားခဲ့သော်လည်း ယခုတစ်ပတ် တွင်မူ ဈေးကွက်အတွင်း အဝယ်လိုက်လာမှုကြောင့် ဈေးနှုန်းများထပ်မံမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း ပုဂ္ဂလိကငွေလဲစင်တာတစ်ခုမှသိရသည်။

   ''ပြီးခဲ့တဲ့တစ်ပတ်တုန်းက ငွေဈေးကကျသွားတယ်။ အဲဒီလိုကျဆင်းသွားတာက ဗဟိုဘဏ်က ဝင်ထိန်းပေးတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကွက်ထဲ မှာ အဝယ်ရော အရောင်းရော တော်တော်လေးကိုများလာတယ်။ အဲဒီလိုများလာတော့ ဈေးကွက်ထဲမှာလိုအပ်ချက်တွေ များလာတဲ့အတွက် ဈေးမြင့်တက်လာရတာပါ'' ဟု ၎င်း စင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

   ပုဂ္ဂလိကဘဏ်များတွင်အကန့်အသတ်ဖြင့်ရောင်းနေရသည့်အတွက် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းလိုသည့် ကုန်သည်များအနေဖြင့် ဒေါ်လာများကို အပြင်မှ ဝယ်ယူနေရ သည့်အတွက် အဝယ်လိုက်နေသကဲ့သို့ ဈေးကစားသူများကြောင့်လည်း ဈေးမြင့်တက်နေရခြင်းဖြစ်ကြောင်းသိရသည်။

   ယခုတစ်ပတ်အတွင်း ပုဂ္ဂလိကဘဏ်များတွင် ဝယ်ဈေး ၁၀၈၉ကျပ်၊ ရောင်း ဈေး ၁၀၉၁ ကျပ်ဟု သတ်မှတ်ထားသော်လည်း အရောင်းအဝယ်မရှိကြောင်းသိရသည်။ အပြင် ပုဂ္ဂလိကဈေးကွက်တွင်မူ မေလ ၁၈ရက်နေ့က ရောင်းဈေး ၁၁၁၄ ကျပ်၊ ဝယ်ဈေး ၁၁၁၀ကျပ်ရှိခဲ့ ပြီး မေလ ၂၀ရက်နေ့တွင် ရောင်းဈေး ၁၁၃၅ကျပ်၊ ဝယ်ဈေး ၁၁၂၉ ကျပ် သို့မြင့်တက်လာခဲ့သည်။ မေ ၂၂ ရက်တွင်မူ ရောင်းဈေး ၁၁၂၅ကျပ်၊ ဝယ်ဈေး ၁၁၁၅ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည်။

မယ်သီတာ