ဗဟိုဘဏ်၏ ဝင်ရောက်ထိန်းညှိ မှုကြောင့် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည် ကျဆင်း

     ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက နေ့စဉ်ဆက်တိုက်မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ဗဟိုဘဏ်၏ ဝင်ရောက်ထိန်းညှိမှုကြောင့် ပြန်လည် ကျဆင်းလာခဲ့ကြောင်း ငွေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။
   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တစ်ဒေါ်လာလျှင် ၁၁၃၂ကျပ်သို့ အမြင့်ဆုံးဈေးအဖြစ်ရောက်ရှိခဲ့သည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ ပုဂ္ဂလိက ဘဏ်ကြီးတစ်ဘဏ်မှ အမေရိ ကန်ဒေါ်လာများကို လိုက်လံဝယ်ယူနေသည့်အတွက် ယခုကဲ့သို့ ဈေးများမြင့်တက် ရခြင်းဖြစ်ကြောင်း ပြင်ပငွေဈေး ကွက်အတွင်းမှသိရှိရသည်။
 ''ဈေးကွက်ထဲမှာ ဒေါ်လာတွေ ပြတ်မသွားဖို့ထိန်းပြီး ရောင်းပေးနေရပါတယ်။ အရမ်းကြီးရောင်းလိုက်လို့တော့ မဖြစ်ဘူး။ ဈေးကွက် ပျက်သွားမှာစိုးရတယ်။ ဘဏ်ကြီးတစ်ဘဏ်က လိုက်ပြီးဝယ်နေတော့ ဈေးကွက် ထဲမှာ ဈေးကခေါ်သလို ရောင်း နေရတာ။ အခုဒီရက်ထဲမှာတော့ ဗဟိုဘဏ်က ကျပ် ၁၀၈၀ ပတ်လည်မှာပဲရောင်းရမယ်လို့ ထိန်းလိုက်တဲ့ အတွက် ဈေးကနည်းနည်းကျလာပါတယ်။ ဒါပေမယ့်လည်း ပုဂ္ဂလိကဘဏ်တွေကတော့ အရောင်းစာရင်း ကို ပိတ်ထားတယ်။ သူတို့ကအဝယ်ပဲရှိတော့တယ်။ တချို့ဘဏ်တွေ ဆိုရင်အရောင်းရောအဝယ်ပါမရှိသလောက်ပါပဲ'' ဟု ပြင်ပငွေဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦးကဆိုသည်။ မေ ၁၁ ရက်က ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများ တွင် ရောင်းဈေး ၁၀၉၀ ကျပ်၊ ဝယ်ဈေး ၁၀၉၁ ကျပ်ဟု ဖော်ပြထားသော်လည်း အရောင်းအဝယ်မရှိကြောင်းသိရသည်။
   ပြင်ပပုဂ္ဂလိက ငွေလဲစင်တာများတွင်မူ မေ ၁၁ ရက်က ရောင်းဈေး ၁၁၂၁ ကျပ်၊ ဝယ်ဈေး ၁၁၁၇ ကျပ်ရှိခဲ့ပြီး မေ ၁၂ ရက်တွင် ရောင်းဈေး ၁၁၃၃ ကျပ်၊ ဝယ်ဈေး ၁၁၂၆ ကျပ် ရှိခဲ့သည်။ မေ ၁၄ရက်တွင်မူ ရောင်းဈေး ၁၁၁၀ကျပ်၊ ဝယ်ဈေး ၁၁၀၀ ကျပ်ရှိခဲ့ပြီး မေ ၁၅ ရက်တွင် ရောင်းဈေး ၁၁၀၂ ကျပ်၊ ဝယ်ဈေး ၁၁၉၂ ကျပ်သို့ ကျဆင်းခဲ့သည်။

မယ်သီတာ