ကျောက်ဆည် ဆောင်းပဲတီစိမ်း အထွက်ကောင်း

   ကျောက်ဆည်မြို့နယ်တွင် ဆောင်းပဲတီစိမ်းကို ဧက ၇၈၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး အားလုံးရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းအနေဖြင့် ပျမ်းမျှအထွက် တင်း ၁၆ ဒသမ ၅၈ တင်းနဲ့ အထွက်စုစုပေါင်း တင်း ၁ ဒသမ ၃ သိန်းထွက်ရှိကြောင်းသိရပါတယ်။  ပဲတီစိမ်း (မိုးကြို)များလည်း စိုက်ပျိုးပြီးဖြစ် ရာ ကျောက်ဆည်မြို့နယ်တွင် ဧက၂၀၀၀ ကျော် စိုက်ပျိုးထားကြောင်းသိရပါတယ်။ ပဲတီစိမ်းမျိုးအနေဖြင့် ကျောက်စိမ်းမျိုးများကိုသာ စိုက်ပျိုးကြကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၁၀၀၀၀၀ ကျပ်ဝန်းကျင်ကုန်ကျကြောင်း၊ ဧပြီလအတွင်း ရွာသွန်းခဲ့သောမိုးကြောင့် ပဲတီစိမ်းအပင်များကောင်းမွန်စွာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်တွင် အထွက်နှုန်းအနေဖြင့် တစ်ဧကကို ၈၊ ၁၀ တင်း ထိ  ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရဲဘော်ကြီးကျေးရွာမှ တောင်သူ ဦးဆန်းဦးကဆိုပါတယ်။

  ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်တွင် ပဲတီစိမ်းတစ်တင်းကို ၃၉၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၄၀၀၀၀ ကျပ်ဈေးနှုန်း အမြင့်ဈေးဖြင့်  ရောင်းဝယ်လျက်ရှိရာ ယခုနှစ်ပဲတီစိမ်း (မိုးကြို)များထွက်ပေါ်ချိန်တွင် ယခင်နှစ်ဈေးနှုန်းများအတိုင်း ဈေးကောင်းရရှိပါက တောင်သူများ အနေဖြင့် အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

နှင်းလဲ့လဲ့-ကျောက်ဆည်