ကရင်ပြည်နယ် ဖာပွန်မြို့တွင် သစ်သီးဝလံအခြေခံ စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

   ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး ကရင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ကြီးမှူးကာ ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်းပြီး ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့ မိုးဟိန်းခန်းမတွင် သစ်သီးဝလံအခြေခံ စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ကကျင်းပခဲ့ပါတယ်။

   အဆိုပါအခမ်းအနားသို့ ဖာပွန်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနဲ့ ဝန်ထမ်းများ၊ မြို့ဖွံ့ဖြိုးရေး အထောက်အကူပြုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ စိတ်ပါဝင်စားသူ များ အင်အား ၁၀၀ ဦးတက်ရောက်ခဲ့ပါတယ်။ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းဦးက အဖွင့် အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးက သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

   သင်တန်းကို မတ်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၃၉ ဦးအား သစ်သီးဝလံအခြေခံထွက်ကုန် ၁၀ မျိုးရဲ့ ထုတ်လုပ်မှု နည်းပညာများကို သင်တန်းနည်းပြများမှ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပါတယ်။ ယင်းသင်တန်းမှ သင်္ဘောသီးချဉ်စပ်ယို၊ ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဆော့စ်၊ သရက်သီးယို၊ ဇောင်းလျားသီး ယို၊ ကျောက်ဖရုံသီးယို၊ ဂျယ်လီ၊ ရှောက်သီးဆေးပြား၊ ရှောက်ပျားဖျော်ရည်၊ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်နဲ့ စပျစ်ဝိုင် ထုတ်လုပ်နည်းများကို လက်တွေ့အသုံးချသင်ကြားထုတ် လုပ်ခဲ့ပါတယ်။

   သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၆ ရက်က ဖာပွန်မြို့ မိုးဟိန်းခန်းမမှာကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ ယခုလို မိမိ ဒေသစီးပွားဖွံ့ဖြိုးဖို့၊ မိမိဒေသလူမှုဘဝမြင့် မားဖို့ ရည်ရွယ်ပြီး နည်းပညာများလာရောက်သင်ကြားပေးသော သင်တန်းနည်းပြများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းသားများအနေနဲ့လည်း မိမိသင်ကြား တတ်မြောက်သည့် နည်းပညာများအား အကျိုးရှိရှိအသုံးချစေလိုကြောင်း၊ သို့မှသာ မိမိဒေသစီးပွားဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝမြင့်မားလာမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ သင်တန်းဆရာမ ဒေါ်ဧကရီအောင်က မိမိဌာနမှဖွင့်လှစ်သင်ကြားပို့ချမည့် သင်တန်းအမျိုးအစားများအားရှင်းလင်းပြောကြားပြီး သင်တန်းတက်လိုသူများမှ မိမိနှင့်ဌာနသို့ဆက် သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် သင်တန်းသားများကိုယ်စား ဖာပွန်မြို့နယ် ဝှေမှုံကျေးရွာမှ သင်တန်းသူ ဒေါ်သိန်းသိန်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

သန်းဝင်း - ဘားအံ