ငွေလဲနှုန်းများ တက်ဈေးဖြင့် ဈေးငြိမ်လျက်ရှိ

   တစ်လနီးပါးမြင့်တက်ခဲ့သည့် မြန်မာကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်းများသည် ယခုတစ်ပတ်တွင်မူ အတက်ဈေးဖြင့် ဈေးငြိမ်လျက်ရှိကြောင်း ငွေဈေးကွက်အတွင်းမှသိရှိရ သည်။

   ဗဟိုဘဏ်မှသတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲနှုန်းမှာ  အမေရိကန်တစ်ဒေါ် လာလျှင် ၁၀၂၈ကျပ်သာရှိသော်လည်း ပြင်ပငွေလဲဈေးကွက်တွင်မူ ကျပ် ၁၀၈၀- ၁၀၈၅ ကျပ် အတွင်း ရောင်းဝယ်လျက်ရှိကြောင်း၊ တချို့ပုဂ္ဂလိကဘဏ်များတွင်မူ ကျပ် ၁၀၃၃-၁၀၄၁ဖြင့် ရောင်းဝယ်သည်ဟု  နီယွန်ဘုတ်များတွင် ကြေညာထားသော်လည်း တကယ်တမ်း တွင်မူ အဆိုပါဈေးဖြင့် ရောင်းဝယ်ခြင်းမရှိဘဲ အရောင်းကောင်တာများကို ပိတ်ထားကြောင်း သိရသည်။

   ''ကျွန်တော်တို့ အပြင်က ငွေလဲစင်တာတွေမှာတော့ ဧပြီလ ၃ ရက်ဈေးက ရောင်းဈေး ၁၀၈၄ကျပ်၊ဝယ်ဈေး ၁၀၈၀ကျပ်နဲ့ ရောင်းဝယ်ပေးနေပါတယ်။ တခြား ငွေလဲစင်တာတွေ မှာလည်း တစ်ကျပ်ကွာ နှစ်ကျပ်ကွာနဲ့ ရောင်းဝယ်နေပါတယ်။ ဝန်ထမ်းတွေကို လစာတိုးပေးလိုက်တဲ့အတွက် ဒေါ်လာဈေးကမကျဘဲ ငြိမ်နေတယ်။ ဗဟိုဘဏ်ကသတ်မှတ်ပေး ထားတဲ့ ရည်ညွှန်းငွေလဲနှုန်းအတိုင်းတော့ ဘယ်သူကမှ လိုက်ပြီးရောင်းဝယ်တာမျိုးတွေ မလုပ်ကြတော့ဘူး။ ဈေးကတော်တော်လေးကို ကွာနေတာဆိုတော့ တချို့ပုဂ္ဂလိက ဘဏ်တွေဆိုရင် ရောင်းဈေး ၁၀၈၆ ကျပ်၊ ဝယ်ဈေး ၁၀၈၀ ကျပ်ပတ်လည်မှာ ရောင်းဝယ်နေကြတာ။ သြင်္ကန်နားနီးလာပြီဆိုပေမယ့်လည်း ဒေါ်လာဈေးက နိုင်ငံတကာမှာလည်း အားကောင်းနေတဲ့ အတွက် ပြန်ကျမယ့်အလားအလာတော့ မရှိသေးပါဘူး'' ဟု ငွေလဲဈေးကွက်အတွင်း  ရောင်းဝယ်နေသူတစ်ဦးကဆိုသည်။ ပြင်ပငွေလဲစင်တာများတွင် ယခု တစ်ပတ်အတွင်း ရောင်းဈေး ၁၀၈၅ ကျပ်၊ ဝယ်ဈေး ၁၀၈၀ ကျပ်အတွင်းရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

မယ်သီတာ