ကျုံပျော်မြို့နယ်တွင် Export ငှက်ပျောများအား ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဂျပန်နိုင်ငံမှလာရောက်လေ့လာ

   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျုံပျော်မြို့နယ်ဟာ ပြည်တွင်းမှာ ငှက်ပျောအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး၊ မြို့နယ်တွင်း ငှက်ပျော စိုက်ဧကမှာလည်း ဧက ၂၅၀၀၀ ခန့်ရှိလို့ စိုက်ပျိုးသည့်နှစ်မှာလည်း နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီး၊ စိုက်ပျိုးတဲ့အတွေ့အကြုံလည်း အများဆုံးရှိတာကြောင့် ငှက်ပျောစိုက်ပျိုးရာမှာ လည်း အောင်မြင်ဖြစ်ထွန်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

   ငှက်ပျောစိုက်တောင်သူများဟာ လက်ရှိမှာဒေသမျိုး၊ ဖီးကြမ်း၊ ခွံဝါ (သီး မွှေး)၊ ရွှေငှက်ပျောမျိုးများကို အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းနဲ့ ရန်ကုန်မြို့သို့လည်း ရေလမ်း ကုန်းလမ်းမှတစ်ဆင့် အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။

   ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွား ရေးစနစ်နဲ့အညီ ပြည်တွင်းစားသုံးမှုမှ ပြည်ပဈေးကွက်ထိုးဖောက်နိုင်ရေး၊ ငှက်ပျောစိုက်တောင်သူများ ဝင်ငွေတိုး ပွားပြီး ခေတ်မီနည်းစနစ် များနဲ့ စနစ် တကျစိုက်ပျိုးနိုင်ရန် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မြမြစိန်၊ ဂျပန်နိုင်ငံ ANA Food ကုမ္ပဏီလီမိတက် အဖွဲ့နဲ့ မတ်လ ၂၁ ရက်နေ့က ကျုံပျော် မြို့နယ်သို့ရောက်ရှိရာ ပုသိမ်မြို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဌာန ဦးစီးအရာရှိ ဦးစိုးဦးနဲ့ ငှက်ပျောစိုက်ဒေသခံ တောင်သူများတွေ့ဆုံလျက် ငှက်ပျောစိုက်ပျိုးတဲ့ ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာသို့ ဆက်လက်သွားရောက်ခဲ့ပါတယ်။

   လှည်းဆိပ်ကျေးရွာ ငှက်ပျောစိုက် တောင်သူများနဲ့တွေ့ဆုံကာ ငှက်ပျောစိုက်ခင်းများကို သွားရောက်လေ့လာပြီး စိုက်ပျိုးရေရရှိမှု၊ ဒေသစိုက်ပျိုးတဲ့နည်းစနစ်၊ တစ်ဧက ကုန်ကျ စရိတ်၊ ငှက်ပျောသီးအဖီးအရေအတွက်၊ ရာသီဥတု၊ မိုးလေဝသအခြေအနေများ၊ ဓါတ်မြေသြဇာသုံးစွဲမှုရှိမရှိ၊ မိမိတို့လာရောက်ပြီး စမ်းသပ်စိုက်ပျိုးရင် ပူးပေါင်း ဆောင်ရွက်နိုင်မှု ရှိမရှိနဲ့ ပူးပေါင်းဆောင်ရွက်ရာတွင်လည်း လိုအပ်တဲ့အချက်အလက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

မင်းမင်းဦး - ပုသိမ်