Huawei ကုမ္ပဏီမှ မြန်မာနိုင်ငံရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ဆုများချီးမြှင့် သန်လျင်နည်းပညာတက္ကသိုလ်သို့ HANA Program လှူဒါန်း
Huawei နည်းပညာကုမ္ပဏီသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်လေးခုမှ ကျောင်းသား၊ ကျောင်းသူအယောက် ၅၀ ကိုပညာသင်ဆုချီးမြှင့်ခြင်းနှင့် သန်လျင်နည်းပညာတက္က သိုလ်သို့ ဆက်သွယ်ရေးနည်းပညာသင်ရိုးညွှန်းတမ်း (HANA Program) လှူဒါန်းပွဲကို မတ်လ ၁၃ ရက်နေ့က ဆီဒိုနားဟိုတယ်တွင်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကျော်မြတ်က ''ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သုတေသနပညာရှင်တွေ အတွက် အထောက်အကူဖြစ်စေမယ့် အီလက်ထရောနစ် သင်ကြားခြင်းနဲ့လိုအပ်တဲ့ပံ့ပိုးမှုတွေပါဝင်တဲ့ နည်းပညာဆိုင်ရာ ဓာတ်ခွဲခန်းတပ်ဆင်ပေးတဲ့ HANA အစီအစဉ် အတွက် Huawei ကုမ္ပဏီကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီအစီအစဉ်ကနေ ဆရာ၊ ဆရာမတွေအနေနဲ့ ပူးတွဲသုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ လေ့လာခြင်းနဲ့ အတွေ့ အကြုံဖလှယ်ခြင်းတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပိုမိုမြင့်မားလာလိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောကြားခဲ့ သည်။
တက္ကသိုလ်လေးခုမှ ကျောင်းသား ကျောင်းသူ ၅၀ ဦးတို့အား ပညာသင်ဆု အစီအစဉ်နှင့် HANA Program တို့သည် မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍအတွက် အရေးပါပြီး စဉ် ဆက်မပြတ်လုပ်ဆောင်သွားမည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ရုံသာမက HANA Program သည် မြန်မာနိုင်ငံတက္ကသိုလ်များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ အားလုံးသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာနယ်ပယ်တွင် ၎င်းတို့၏စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်မည့် အစီအစဉ်တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်ကြောင်း Huawei ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့နောက် HANA Program လှူဒါန်းခြင်းသဘောတူစာချုပ်အား သန်လျင်နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီလွင်နှင့် Huawei (ရန်ကုန်)မှ မန်နေး ဂျင်းဒါရိုက်တာ Mr. Li Zhao တို့က လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။
မယ်သီတာ