မကွေး-ကန်ပြား-နေပြည်တော်လမ်း ဘေးကအင်ကြင်းကျောက်ဈေးကွက်

  မကွေး-ကန်ပြား-နေပြည်တော် လမ်းဘေး၊ မုန်းချောင်းရေကျော်တွင် သံဖိုလေးကျေးရွာမှရွာသားအချို့တဲများစုဖွဲ့လျက်နေထိုင်ကြရင်း သူတို့ရှာဖွေတွေ့ရှိထားသော အင် ကြင်းကျောက်များ ကို စုပုံပြထားကာဈေးကွက်ကို စောင့်မျှော်နေကြောင်းသိရသည်။

  ''ကျွန်တော်တို့ယာထွန်ရင်း၊ နွားကျောင်းရင်း၊ ထင်းခွေရေခပ်ရင်း တောထဲမှာအင်ကြင်းကျောက်အစအနတွေတွေ့လို့စုဆောင်းပြီးပြသထားတာပါ၊ ယခင်ကတော့ အင် ကြင်းကျောက်ကို ရှေးမြန်မာတွေက သိမ်သမုတ်တဲ့အခါအသုံးပြုကြတယ်။ နေအိမ်ခြံစည်းရိုး တွေမှာစိုက်ကြတယ်။ ယနေ့အချိန်မှာ တရုတ်ဈေးကွက်ပေါ်လာတဲ့အတွက် အဖိုး တန်ကျောက်ဖြစ်နေပါပြီ။ ကျွန်တော်တို့ဆီမှာပြထားတဲ့ ကျောက်တွေထဲမှာ ကျပ်သုံးသိန်းတန်ဆိုတာ အမြင့်ဆုံးပဲ။ နောက် ကျပ်၁၀၀၀၀ိ/- တန်၊ ကျပ် ၄၀၀ဝိ-၅၀၀ဝိ ကျပ် ကျောက်တွေလည်းရှိပါတယ်။ ကျွန်တော်အများကြီး ဈေးမဆိုဘူး၊ ဝယ်သူစိတ်ကြိုက်တွေ့မယ့်ဈေးတွေပါ''ဟု အဆိုပါတဲ၌နေသူ ဦးအောင်မြကပြောသည်။

  ထိုနေရာ၌အရွယ်အစားနှင့် ပုံသဏ္ဍာန်အမျိုးမျိုးသော အင်ကြင်းကျောက်များကို သူ့အကန့်နှင့်သူပြသထားသည်။ အခေါင်းပါသောကျောက်၊ ခွဆုံကျောက်၊ မြစ်ဆုံကျောက်၊ သစ်ပင်ပုံစံနွယ်လိပ်ကျောက်၊ဖောင်းရစ် ကျောက်များကိုတွေ့ရသည်။

   ''ကျောက်နီတို့ဖောင်းရစ်တို့ အရုပ်တို့ပါရင်၊ အင်ကြင်းကျောက်ရဲ့ပုံသဏ္ဍာန်က ထူးခြားနေရင်တရုတ်က ပိုကြိုက်တယ်''ဟု သူကပြောသည်။ ထို့နောက် ကျောက်အချို့အား တံထွေးဆွတ်၍ ပွတ်ပြသည်၊ ရေလောင်းပြသည်။ အဆီပါသော ကျောက်များရဲတက်လာသည်။ အပေါ်အနီကြော၊ အတွင်းအနီကြော၊ အတွင်းအပြင် နှစ်ခုစလုံးပါ လျှင် ဈေးကောင်းရကြောင်းသိရသည်။

   ''နေပြည်တော်နဲ့ ရန်ကုန်က သူဋ္ဌေးတွေဆင်းကြည့်ပြီး အိမ်အလှဆင်ဖို့ဝယ်တာရှိတယ်'' ကျွန်တော်တို့ဈေးအများကြီးမဆိုပါဘူး ရောင်းသူဝယ်သူ အလုပ်ဖြစ်အောင်ပဲဆိုတယ်'' ဟု ဦးအောင်မြက ပြောသည်။

   ထိုနေရာတစ်ဝိုက်မှ ဒေသခံ ကျေးရွာများမှတောင်သူများသည်ဓားမ ဦးချတောင်သူအလုပ်ကိုလုပ်ကြပြီး နွားကျောင်း၊ ရေခပ်၊ ထင်းခွေသွားရင်း အင်ကြင်းကျောက်အစအန များတွေ့ရှိပြီး စုဆောင်းပြသထားကာ ဝယ်လက် တွေ့လျှင်သူတို့အတွက် သင့်တင့်သော အပိုဝင်ငွေများဖြင့် ကျေနပ်နှစ်သိမ့်ကြည်နူးနေသောသူများဖြစ်ကြောင်းသိရသည်။

နေလင်းသူရိန် (မကွေး)