ကဒူးနယ်က ထူးတဲ့ ဇလုံတောင်

   ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ကို မကြာခဏရောက်ပေမယ့် ဇလုံတောင်စေတီကို ကျွန်တော်မရောက်ခဲ့ပါ။ အခုဇလုံတောင် သဘာဝခရီးသွားလုပ်ငန်းမှာ တာဝန်ရှိလာတဲ့ အတွက် ဇလုံတောင်ကိုသွားတဲ့အခါ ပကတိတောတောင်တွေကြားမှာ ထီးထီးမားမားတည်ရှိနေတဲ့ ဇလုံတောင်စေတီကို ဖူးမြင်ရတော့အံ့သြမိပါတယ်။ ဗန်းမောက်မြို့နဲ့ ဇလုံတောင်ဟာ ၁၆ မိုင်ဝေးပြီး နယ်ခံဘုရားဖူးတွေ  ခြေလျင်တက်ရောက်ကြပေမယ့် ယခုအခါ ကားလမ်းဖောက်ပြီးတာကြောင့် ကား၊ ဆိုင်ကယ်တွေနဲ့ နေ့စဉ်စည် ကားနေကြောင်းသိရပါတယ်။

   ဘုရားပွဲက မြန်မာနှစ်ဆန်း ၁ ရက်မှ ၁၀ ရက်ထိကျင်းပပြီး၊ လမ်းခရီးရပ်နားတဲ့ ဦးကောစခန်းမှာ ဒေသအစားအစာနဲ့ ဆေးမြစ်စုံရောင်းချပြီး တယ်ပင်ပြန့်စခန်းမှာ ဆင်စီး လိုသူများအတွက် သစ်ထုတ်လုပ်ရေးဌာနက ဆင် ၆ ကောင်စီစဉ် ထားပါတယ်။ စေတီအခြေဘုန်းတော်ကြီးကျောင်းမှာ နားခိုလို့ရပြီး ထမင်းကျွေးပါတယ်။ တောင်ထိပ် ကို တောင်နှစ်လုံးကြားကတက်ရပြီး အပေါ်ရောက်တာနဲ့ ဘေးပတ်လည်သဘာဝတောတောင်ရှုခင်းတွေကို အားပါးတရ ကြည့်ရှုခံစားရတာကြောင့် နိုင်ငံခြားသားခရီးသွားများ လည်း မကြခဏလာရောက်တဲ့အတွက် သဘာဝတောတောင် ရှုခင်းနဲ့ထူးခြားတဲ့ ဇလုံတောင်စေတီကိုလာရောက်ဖူးမြော်ခြင်းဖြင့် ဒေသန္တရဗဟုသုတအပြင် စိတ်အပန်းဖြေ ကုသိုလ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ကျော်အုန်း-ကသာ