Myanmar Offshore Supply က မော်လမြိုင်မြို့တွင် ဆိပ်ကမ်းသစ်တည်ဆောက်ရန်စီစဉ်

   စင်ကာပူအခြေစိုက် Fish Pte.Ltd ၏လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Myanmar Offshore Supply သည် မြန်မာနိုင်ငံ၊ မော်လမြိုင်မြို့တွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း ဘီနာမာသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ Myanmar Offshore Supply အနေဖြင့် မော်လမြိုင်မြို့တွင် ဆိပ်ကမ်းတစ်ခုတည်ဆောက်ခြင်း သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတွင် ရှေ့ပြေးအဖြစ် ပါဝင်လာခြင်းဖြစ်သည်။

   မော်လမြိုင်မြို့တွင် မြေဧရိယာဧကပေါင်း ၁၉၃ဧကပေါ်၌ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ပြည်တွင်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများအတွက် ဝန်ဆောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် မြန်မာ့ကမ်းလွန်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့်ရေနံကုမ္ပဏီများအတွက် သယ်ယူပို့ဆောင်မှုအပါအဝင် ဝန်ဆောင်မှုများကိုပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

   ယင်းကဲ့သို့လုပ်ဆောင်နိုင်ရန် Myanmar Offshore Supply နှင့် မွန်ပြည်နယ်အစိုးရတို့သည် ဆိပ်ကမ်းတည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက် မှတ်ရေးထိုးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါဆိပ်ကမ်းတည်ဆောက်မှု  ပြီးစီးသွားပါက မြန်မာနိုင်ငံ၏စတုတ္ထ အကြီးဆုံးမြို့ဖြစ်သည့် မော်လမြိုင်မြို့၏ အခြေခံအဆောက်အအုံ များဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေးများဖွံ့ဖြိုးလာပြီး ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများလည်း ရရှိလာနိုင်သည်ဟု ဆိုသည်။

   ထိုတိုးတက်မှုများနှင့်ဆက်စပ်နေသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များသည်လည်း ဖွံ့ဖြိုးတိုးတက်လာပြီး မော်လမြိုင်မြို့နှင့် ပတ် ဝန်းကျင်ရှိမြို့များမှာလည်း ဖွံ့ဖြိုးလာနိုင်ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

မယ်သီတာ