မုံရွာမြို့ပေါ်ရှိ ဈေးများတွင်ရောင်းချလျက်ရှိသည့် စားသောက်ကုန်များအား စားသုံးသူရေးရာဌာနမှစစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့ပေါ်ရှိ မြသင်္လာဈေး၊ ချင်းတွင်းရတနာဈေး၊ သီရိရတနာဈေးများအတွင်းရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသော စားသောက်ကုန်စည်များ တွင် နိုင်ငံပိုင်သတင်းစာ၊ သတင်းဌာနများမှ  ကြေညာထားသော စားသုံးရန် မသင့်သည့် စားသောက်ကုန်များ၊ ဆိုးဆေးများပါဝင်သော စားသောက်ကုန်များနှင့် အခြားစားသုံး ရန် မသင့်လျော်သည့် စားသောက်ကုန်များ ရောင်းနေခြင်းရှိ/မရှိတို့အား စစ်ကိုင်းတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ရုံးမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် သက်ဆိုင်ရာ ဈေးအသီးသီးမှ တာဝန်ရှိဝန်ထမ်းများလိုက်ပါလျက်  ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   မုံရွာနယ် တစ်ဝိုက်တွင် ငါးပိ/ငါးခြောက်များ အဓိကဖြန့်ဖြူးရောင်းချသည့် မြသင်္လာဈေး၌ တိုင်းဒေသကြီး ဦးစီးမှူး ဦးခမ်လျန်စွမ်း ခေါင်းဆောင်သည့်အဖွဲ့က စတင်စစ်ဆေးခဲ့ရာ ငါးပိ/ငါးခြောက်စားသောက်ကုန်များအား တားမြစ်ဆေးသုံးစွဲ၍ ရောင်းပန်းလှစေရန်ပြုပြင်ထားခြင်း ရှိ/မရှိ၊ ယင်မနားစေသည့် ဓာတုဗေဒဆေးများသုံးစွဲခြင်း ရှိ/မရှိ တို့ကို စစ်ဆေးပါသည်။ ငရုတ် သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်များ အဓိကရောင်းဝယ်ဖြန့်ဖြူးသည့် ချင်းတွင်းရတနာဈေးကြီးအတွင်းရှိ လက္ကားဆိုင်ကြီးများသို့သွားရောက်စစ်ဆေး ရာတွင် နိုင်ငံပိုင်သတင်းစာများမှ စားသုံးရန်မသင့်ကြေညာထားသည့် ငရုတ်သီးအရောင်တင်မှုန့်များ ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ဆိုင်ပိုင်ရှင်များအား ရောင်း ချခြင်းမပြုရန် ကတိခံဝန်ချက်လက်မှတ်များရေးထိုးစေခဲ့ပါသည်။ မြသင်္လာဈေးနှင့် ချင်းတွင်းရတနာဈေးကြီးအတွင်းရှိ မုန့်ဆိုင်များတွင် ကြေညာပြီး တားမြစ်ထားသည့် မုန့်အချို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး အဓိကအားဖြင့် ဒေသတွင်းမှထုတ်လုပ်သည့် မုန့်များသည် အမှတ်တံဆိပ်မပါရှိခြင်း၊ ထုတ်လုပ်သည့် လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် သက်တမ်း ကုန်ဆုံးရက်မပါရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရသည့်အတွက် ဈေးဆိုင်ပိုင်ရှင်များအား သတိပေးမှုများပြုလုပ်ခဲ့ပြီး ခံဝန်ချက်ကတိလက်မှတ်ရေးထိုးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   သီရိရတနာဈေးမှ ကုန်စိမ်းနှင့် ငါးပိ/ငါးခြောက်၊ အရောင်တင်မှုန့်များ ရောင်းချနေမှုများအား နေ့လယ် ၁၁ နာရီအချိန်မှ စတင်စစ်ဆေးခဲ့ပါသည်။ ယခု စစ်ဆေးရာတွင် တိုင်းဒေသကြီးစားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် စားသုံးသူတိုင်ကြားမှုပုံစံများကို လူထုအတွင်းသိရှိနိုင်ရန် သက်ဆိုင်ရာဈေးတာဝန်ခံ အသီးသီးသို့ပေးအပ်ခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်များအား စစ်ဆေးသည့် အဖွဲ့တွင်ပါဝင်သည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြမည်ဖြစ်သည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သိန်းစိုးသစ်