ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့် တရုတ်နှစ်သစ်ကူးပွဲတော်များကြောင့် မြန်မာ့ရွှွေဈေး ကျပ်တစ်သောင်းကျော်ကျဆင်းလာ

   ကမ္ဘာ့ရွှေဈေးကျဆင်းမှုနှင့်အတူ မြန်မာ့ရွှေဈေးပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း ရွှေကုန်သည်အသိုင်းအဝိုင်းမှစုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးကျဆင်းမှုဖြစ်ပေါ်နေချိန်သည် တရုတ်နှစ်သစ်ကူးကာလနှင့်ပါ တိုက်ဆိုင်လျက်ရှိခြင်းကြောင့် ရွှေဈေးများကျဆင်းရခြင်းဖြစ်သည်ဟု ရွှေကုန်သည်တစ်ဦးကဆိုသည်။

   ''ဒီအချိန်က ခုလိုပဲ ဈေးကျဆင်းတတ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကလည်းကျလာတယ်။ တစ်ကမ္ဘာလုံးမှာ တရုတ်နှစ်သစ်ကူးပွဲတော်တွေကလည်း ကျင်းပနေကြတဲ့အတွက် ရွှေက အရောင်းရော အဝယ်ပါရပ်သွားတယ်။ နယ်စပ်မှာဆိုပိုပြီးသိသာတယ်။ အဲဒီမှာက တရုတ်နှစ်သစ်ကူးပွဲတော်ကာလဆိုရင် ဈေးကွက်တွေ အကုန်လုံးရပ်ထားတာ။ အဲဒီလို ရပ် ထားတဲ့အတွက် အရောင်းအဝယ် ဘာမှကို မရှိတော့တာ။ ဒါကြောင့် ရွှေဈေးတွေကလိုက်ပြီးကျလာတာပါ။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေကလည်း ကျဆင်းနေတဲ့အတွက် ကမ္ဘာ့ရွှေဈေးလည်း ကျဆင်းလာရတာပါ''ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။

    မြန်မာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၆ ရက်က ကျပ် ၆၈၆၅၀၀ ရှိခဲ့ပြီး ဖေဖော် ဝါရီ ၁၈ ရက်တွင် ကျပ် ၆၇၇၀၀၀ သို့ကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျပ် ၆၇၅၅၀၀ သို့ ဆက်လက်ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း  ကျပ် ၆၇၅၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။

    ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၁၆ ရက်က ၁၂၂၉ ဒေါ်လာရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၀ ရက်တွင် ၁၂၀၇ ဒေါ်လာသို့ကျဆင်းခဲ့သည်။

မယ်သီတာ