SMBC ဘဏ်ခွဲ မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်

   မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့်ရထားသည့် ဂျပန်နိုင်ငံမှ ဘဏ်ကြီးတစ်ခုဖြစ်သည့် Sumitomo Mitsui Banking Corp.(SMBC) သည် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဘဏ်ခွဲများဖွင့်လှစ် နိုင်ရန် စီစဉ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်မည်ဖြစ်ကြောင်း Nikkei သတင်းစာကဖော်ထုတ်ရေးသားခဲ့သည်။

   SMBC ဘဏ်သည် ဂျပန်နိုင်ငံမှ  ၎င်း၏ပြိုင်ဘက်ဘဏ်များဖြစ်သည့် Mutsubishi UFJ Financial Group and Mizuho Financial Group အပါအဝင် နိုင်ငံခြားဘဏ် ရှစ်ခုနှင့်အတူ မြန်မာနိုင်ငံတွင်ဘဏ်ခွဲ ဖွင့်လှစ်ခွင့်လိုင်စင်ရရှိထားသည်။

   အဆိုပါဘဏ်သည် မြန်မာနိုင်ငံတွင်ဘဏ်ခွဲဖွင့်လှစ်ပြီးပါက ဘဏ်ဝန်ထမ်းပေါင်း ၃၀မှ ၄၀ အထိခန့်အပ်သွားမည်ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

   SMBC သည် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအနက် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်ခြင်း၊ ကုန်သွယ်ခြင်းနှင့် ငွေကြေးစီမံ ခန့်ခွဲရေးဝန်ဆောင် မှုများကို လုပ်ဆောင် မည်ဖြစ်ကြောင်း SMBC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟုဆိုသည်။

   SMBC အနေဖြင့် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ဂျပန်နိုင်ငံသားလုပ်ငန်းရှင်များအား ချေးငွေများထုတ်ချေးခြင်းကို အဓိကထား၍ လုပ်ဆောင်သွား မည်ဖြစ်ပြီး အခြားသောကုမ္ပဏီများကိုလည်း ငွေကြေးနှင့်ပတ်သက်သည့်ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထား သည်။

မယ်သီတာ