ဖျာပုံခရိုင်ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စာအခြေခံ (4 Skills) သင်တန်းဆင်းပွဲပြုလုပ်

   ဖျာပုံခရိုင်အတွင်းရှိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ဝန်ထမ်းများအားဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အင်္ဂလိပ်စာအခြေခံ (4 SKills) သင်တန်းအား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ရာခရိုင် ဦးစီးမှူးရုံးအစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က သင်တန်း ဆင်းပွဲကို  ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

   သင်တန်းဆင်းပွဲတွင် ခရိုင်ဦးစီးမှူး ဦးမြင့်အောင်က ''ဝန်ထမ်းများသိသင့်သိထိုက်တဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုမြှင့်တင်ရေးဆိုင်ရာ (BDM) သင်တန်း၊ ကွန်ပြူတာအင်တာနက် ဆိုင်ရာသင်တန်းနဲ့ ယခု အင်္ဂလိပ်စာအခြေခံသင်တန်းများကိုတက်ရောက်ကြပြီးဖြစ်ပါတယ်။ မကြာမီမှာ ဌာနမှတိုင်းဦးစီးမှူးကိုယ်တိုင် သတင်းနှင့်ဆက်သွယ်မှု နည်းပညာဖွံ့ ဖြိုးရေးကော်မတီတို့ ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီးအတွင်း လှည့်လည်ပြီး e- Government Seminar ကို ဖွင့်လှစ်လျက်ရှိပါတယ်။ ဒီမြို့ကိုတော့ ဒီလ ၂၀ ရက်နေ့မှာ လာရောက်မှာဖြစ်လို့ ခရိုင်၊ မြို့နယ်ရှိ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများနဲ့ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြမှာဖြစ်ပါတယ်။ အဲဒီ အခမ်းအနားမှာ ဝန်ထမ်းများ တက်ရောက်ကြမှာဖြစ်သလို အခမ်းအနားပြင်ဆင်ရေး၊ နေရာချထားရေးနဲ့ ကြိုဆိုရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီကြရမှာဖြစ်ပါတယ်။ တက်ရောက်ခဲ့တဲ့ သင်တန်းတွေကိုလည်း မမေ့မပျောက်သွားအောင် ပြန်လည်လေ့လာကြပါ'' လို့ ပြောကြားသွားပါတယ်။

   ''ယခုအင်္ဂလိပ်စာကို နှစ်လတာသင်ကြားပေးခဲ့သော်လည်း လုံလောက်မှုရှိပြီးလားလို့မေးရင် အပြည့်အဝလုံလောက်မှုတော့ မရှိသေးပါဘူးလို့ ပြောရမှာဖြစ်ပါတယ်။ အင်္ဂလိပ် စကားများများပြောတဲ့အလေ့အကျင့်လုပ်ပါ။ လေ့ကျင့်မှုမရှိရင် ပြန်လည်မေ့ပျောက်သွားမှာဖြစ်ပါတယ်၊ နောက်ပိုင်းအခက်အခဲရှိရင်လည်း အချိန်မရွေးလာရောက်မေးမြန်းနိုင် ပါတယ်''လို့ အင်္ဂလိပ်စာသင်တန်းဆရာ ဦးဝင်းမြင့်မောင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး အမှတ်တရဓါတ်ပုံများရိုက်ကြတယ်လို့သိရပါတယ်။

မင်းဇော်မွန် - ဖျာပုံ