စီးပွားရေးလုပ်ငန်းသုံး iBanking စနစ်ကို သမဝါယမဘဏ်စတင်မိတ်ဆက်

   သမဝါယမဘဏ်လီမီတက်သည် မြန်မာနိုင်ငံအတွင်းရှိ  စီးပွားရေးလုပ်ငန်းရှင်များ သုံးစွဲနိုင်မည့် Business Internet Banking ဟူသည့် iBanking စနစ်ကို ဖေဖော်ဝါရီလ ၁၁ ရက် က စတင်မိတ်ဆက်လိုက်ကြောင်း သိရ သည်။

   အဆိုပါ Business Internet Banking ဆိုသည်မှာ အင်တာနက်မှ တစ်ဆင့်ဘဏ်ဝန်ဆောင်မှုများကို ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

   Business Internet Banking စနစ်အားအသုံးပြုခြင်းဖြင့် မိမိ၏ဘဏ်ငွေစာရင်းလက်ကျန်အား ၂၄ နာရီ ပိတ်ရက်မရှိစစ်ဆေးနိုင်ခြင်း၊ ဆောင်ရွက်လိုသည်များအားလုံးကို လို အပ်သလို စီမံထိန်းချုပ်ဆောင်ရွက်နိုင်သည့်အပြင် ဆောင်ရွက်မှုအားလုံးအတွက်အီးမေးလ်၊ စာတိုပို့စနစ်များဖြင့် စောင့်ကြည့်နိုင်ခြင်းတို့ကြောင့် သမဝါယမဘဏ်၏ Business Internet Banking နှင့် ချိတ်ဆက်အသုံးပြုခြင်းအားဖြင့်  လုပ်ငန်းများအား လွယ်ကူစိတ်ချမြန်ဆန်စွာဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

   သမဝါယမဘဏ်အနေဖြင့် ပြီးခဲ့သည့်နှစ်များက Mobile Banking, Internet Banking လုပ်ငန်းများကို မိတ်ဆက်ခဲ့သော်လည်း အဆိုပါဘဏ်ဝန်ဆောင်မှုများသည် လူ တစ်ဦးချင်း  အတွက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းသုံးနှင့်  ကိုက်ညီမှုမရှိသဖြင့် ယခု Business Internet Banking ကိုမိတ်ဆက်ရခြင်းဖြစ်ကြောင်း၊ ယခုမိတ်ဆက်လိုက်သည့် iBanking ကို Package သုံးမျိုးဖြင့် သုံးစွဲနိုင်သဖြင့် အသေးစား အလတ်စားလုပ်ငန်းရှင်များ၊ အကြီးစားလုပ်ငန်းရှင်များအတွက် အဆင်ပြေစေမည့် ဝန်ဆောင်မှုတစ်ခု ပင်ဖြစ်ကြောင်း သမဝါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

  အဆိုပါ Package သုံးမျိုးမှာ Standard Package၊ Classic Package နှင့် Customize Package တို့ ဖြစ်ကြောင်းသိရသည်။ ယင်း Package သုံးမျိုးသည် ငွေစာရင်း မူလ ပိုင်ရှင်က User အဖြစ်ထိန်းချုပ်သည့် အဆင့်ဆင့် သောနည်းများသာကွာခြားပြီး လုံခြုံမှုအဆင့်တိုးမြှင့်၍ရသကဲ့သို့ ဝန်ဆောင်မှုပုံစံအမျိုးမျိုးကို မိမိနှင့်သင့်တော်မည့် ဝန်ဆောင်မှု များကိုသုံးစွဲခြင်းက အဆင်ပြေနိုင်မှာဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

မယ်သီတာ