ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ OVOP လုပ်ငန်းဖွံ့ ဖြိုးဖို့ သခွားမွှေးစိုက်ပျိုးချေးငွေအရင်းအတိုးပေးဆပ်

   မုံရွာခရိုင် အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ကြီးကြပ်မှုနဲ့ ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ ဖရဲ၊ သခွားမွှေးစိုက်ပျိုးထုတ်လုပ်သူများ အစုအဖွဲ့ ရဲ့ အသင်းသား ၅၅ ဦး အတွက် သခွားမွှေးစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း ၅၅၀ ကို ကျေးရွာ တစ်ရွာထုတ်ကုန်တစ်မျိုး OVOP အဖြစ် ဇေယျာပဒေသာဖောင်ဒေးရှင်းမှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က ထုတ်ချေးပေးခဲ့ပါတယ်။

  ယခုအခါ ချေးငွေကာလ ၆ လပြည့်ခဲ့ပြီဖြစ်တဲ့အတွက် ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ ဖရဲ၊ သခွားမွှေးအစုအဖွဲ့အသင်းသား ၅၅ ဦးမှထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေ အရင်းကျပ်သိန်း ၅၅၀ နဲ့ အတိုး ၄၄ ဒသမ ၅၅ သိန်း စုစုပေါင်း ၅၉၄ ဒသမ ၅၅ သိန်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဇေယျာပဒေသာ ဖောင်ဒေးရှင်းသို့ အကြေပေးဆပ် ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

   မင်းခေါင်ကျေးရွာ ဖရဲ၊ သခွားမွှေး တောင်သူများအနေနဲ့ ယခုနှစ် မိုးစိုက်ဖရဲသခွားမွှေးများ ဈေးကွက်ပျက်ပြီး စိုက်ပျိုးစရိတ်ဆုံးရှုံးနစ်နာမှုရှိခဲ့ပေမယ့် တာဝန်သိစွာ ယခုလို အရင်းအတိုးပေးသွင်းခြင်းဖြစ်သလို ယခုစိုက်ပျိုးနေဆဲဒေသအခေါ် အောက်တောကွန်းများရှိ သခွားမွှေးခင်းများအတွက်လုပ်ငန်းလိုအပ်ချက်အရ ဇေယျာပဒေသာဖောင်ဒေးရှင်း ထံမှ ဒုတိယအကြိမ် ချေးငွေရရှိရန်ထပ်မံတင်ပြခဲ့တယ်လို့ အစုအဖွဲ့ဥက္ကဋ္ဌနဲ့ အမှုဆောင်ကော်မတီထံမှကြားသိရပါတယ်။

ထွန်းလှိုင် - မုံရွာ