ဗဟိုဘဏ်ဈေးအတွင်းပြန်လည်ရောက်ရှိလာ၍ ငွေဈေးနှုန်းများတည်ငြိမ်လျက်ရှိ

   ယခုတစ်ပတ်အတွင်း ငွေလဲလှယ်နှုန်းများသည်များသောအားဖြင့် တည်ငြိမ်လျက်ရှိပြီး အတက်အကျအနည်းငယ်ဖြင့်သာ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်းသိရ သည်။ ဗဟိုဘဏ်မှသတ်မှတ်ထားသည့်ရည်ညွှန်း ငွေလဲနှုန်းနှင့်တူညီလုနီးပါးဖြစ်လာ၍ဈေးကွက်အတွင်းရောင်းဝယ်ရာတွင် ဈေးနှုန်းများတည်ငြိမ်နေရခြင်းဖြစ်ကြောင်း ငွေဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။

   ''ကျွန်တော်တို့အပြင်မှာတော့ ငွေဈေးက တစ်ကျပ်ကွာ နှစ်ကျပ်ကွာလောက်ပဲရောင်းဝယ်နေပါတယ်။ ခုရက်ပိုင်းမှာ ဗဟိုဘဏ်ကသတ်မှတ်ပေးထားတဲ့ ရည်ညွှန်းငွေလဲနှုန်းနဲ့ လည်း ဈေးကသိပ်မကွာတော့အရောင်းအဝယ်က တည်ငြိမ်နေတယ်လို့ပြောရမှာပါ။ ဈေးကွက်ထဲမှာလည်း အရောင်းအဝယ် က ပုံမှန်အတိုင်းပဲ ရှိတယ်။ ရွှေဈေးကွက်ကလည်း အကျဘက်ကိုပြန်ပြီး ဦးတည်လာတဲ့အတွက် ကျွန်တော်တို့ဘက်မှာလည်း ပုံမှန်အတိုင်းပဲရှိတယ် လို့ ပြောရမှာပါ''ဟု အနော်ရထာ လမ်းပေါ်ရှိ ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

   သိမ်ဖြူငွေလဲစင်တာတွင် ယခုတစ်ပတ်အတွင်း ရောင်းဈေး ၁၀၃၀ ကျပ်၊ ဝယ်ဈေး ၁၀၂၄ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ပြင်ပငွေလဲစင်တာတွင်မူ စင်တာတစ်ခုနှင့်တစ်ခု တစ်ကျပ်နှစ်ကျပ်စီခွာ၍ ရောင်းဝယ်လျက်ရှိပြီး ရောင်းဈေး ၁၀၂၉ ကျပ်၊ ဝယ်ဈေး ၁၀၂၄ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

မယ်သီတာ