ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့သည် ဌာနဆိုင်ရာနှင့်ပုဂ္ဂလိကကဏ္ဍမှတာဝန်ရှိသူများအားတွေ့ဆုံဆွေးနွေး

   ရှမ်းပြည်နယ်တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ သိုလှောင်ရုံဝင်းတွင် ဇန်နဝါရီလ ၂၁ ရက်နေ့၌ ကမ္ဘာ့ဘဏ်မှ Mr. Sjamsu Rahardja  ခေါင်းဆောင်သော ကျွမ်းကျင်သူ ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ်အတွင်းကုန်သွယ်မှုလုပ်ငန်းနှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြုံတွေ့နေရသော အခက်အခဲများ၊ လိုအပ်ချက်များကို သိရှိနိုင်ရန် ရှမ်းပြည်နယ်အတွင်းရှိ သက်ဆိုင်ရာအကြီးအကဲများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှဦးစီး၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

   ပထမဦးစွာ ကမ္ဘာ့ဘဏ်မှ လုပ်ဆောင်နေသောလုပ်ငန်းများ၊ စီမံချက်များကို ရှင်းလင်းပြောကြား၍ ကမ္ဘာ့ဘဏ်အနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်သွယ်မှုလုပ်ငန်းများ၏ အခြေအနေမှန်ကို ဒေသခံလုပ်ငန်းရှင်များတင်ပြမှသာလိုအပ်သောကူညီထောက်ပံ့မှုများလုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

  ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အတွင်းကုန်သွယ်မှုလုပ်ငန်းများသည်အဆင်ပြေမှုရှိသော်လည်းလိုအပ်ချက်များရှိနေကြောင်း၊ ဒေသခံများသည်အဓိကအားဖြင့်စိုက်ပျိုးရေးလုပ် ငန်းများ လုပ်ကိုင်နေသော်လည်းခေတ်မီနည်းပညာနှင့် အရည်အသွေးမီ မျိုးစေ့များ၊ လယ်ယာသုံးစက်ယန္တရားများများစွာလိုအပ်နေကြောင်း၊ ထို့ပြင် ပြည်ပတင်ပို့ကုန်ဈေးကွက် များ၊ နိုင်ငံတကာအဆင့်မီထုတ်ကုန်များ ထုတ်လုပ်ရန်စက်ရုံများစွာလိုအပ်ကြောင်းရှင်းလင်းတင်ပြပြီး ယခုလက်ရှိ မိမိတို့ အနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဈေးကွက်ကိုသာ မှီခိုနေရကြောင်း ရှမ်းပြည်နယ်ကုန်သည်များအသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်ကဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။  

စိုးအောင် (စားသုံးသူ) ရှမ်းပြည်နယ်