ဗဟိုဘဏ်ဈေးအတွင်းပြန်လည်ရောက်ရှိလာ၍ ငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

   ယခုတစ်ပတ်အတွင်း ငွေလဲလှယ်နှုန်းများသည် များသောအားဖြင့် တည်ငြိမ်လျက်ရှိပြီး အတက်အကျ အနည်းငယ်ဖြင့်သာ ဈေးကွက်အတွင်း ရောင်းဝယ်လျက်ရှိကြောင်းသိရ သည်။ ဗဟိုဘဏ်မှသတ်မှတ်ထားသည့် ရည်ညွှန်းငွေလဲနှုန်းနှင့်တူညီလုနီးပါးဖြစ်လာ၍ ဈေးကွက်အတွင်းရောင်းဝယ်ရာတွင်ဈေးနှုန်းများတည်ငြိမ်နေရခြင်းဖြစ်ကြောင်း ငွေဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

   ''ကျွန်တော်တို့အပြင်မှာတော့ ငွေဈေးက တစ်ကျပ်ကွာ နှစ်ကျပ်ကွာ လောက် ပဲ ရောင်းဝယ်နေပါတယ်။ ခုရက်ပိုင်းမှာ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ ရည်ညွှန်းငွေလဲနှုန်း နဲ့လည်း ဈေးကသိပ်မကွာတော့ အရောင်းအဝယ်က တည်ငြိမ်နေတယ်လို့ ပြောရမှာပါ။ ဈေးကွက်ထဲမှာလည်း အရောင်းအဝယ်က ပုံမှန်အတိုင်းပဲရှိတယ်။ ရွှေဈေးကွက်က လည်း အကျဘက်ကိုပြန်ပြီး ဦးတည်လာတဲ့အတွက် ကျွန်တော်တို့ဘက်မှာလည်း ပုံမှန်အတိုင်းပဲရှိတယ်လို့ ပြောရမှာပါ''ဟု အနော်ရထာလမ်းပေါ်ရှိ ငွေလဲစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

   သိမ်ဖြူငွေလဲစင်တာတွင် ယခုတစ်ပတ်အတွင်း ရောင်းဈေး ၁၀၃၀ ကျပ်၊ ဝယ်ဈေး ၁၀၂၄ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်။ ပြင်ပငွေလဲစင်တာတွင်မူ စင်တာတစ်ခုနှင့်တစ်ခု တစ်ကျပ်နှစ်ကျပ်စီခွာ၍ ရောင်းဝယ်လျက်ရှိပြီး ရောင်းဈေး ၁၀၂၉ ကျပ်၊ ဝယ်ဈေး ၁၀၂၄ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရသည်။

မယ်သီတာ