ကလေးမြို့နယ်တောင်သူများ စပါးအထွက်ကောင်းလို့ ပြုံးပျော်နိုင်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၁၆၆ ရွာရှိပြီး ယခုနှစ် မိုးစပါးရိတ်သိမ်းပြီးချိန် မိုးစပါးအမှန်တကယ်ထွက်ရှိမှုအခြေအနေကို သိရှိဖို့  ကလေးမြို့နယ်အတွင်းရှိ ကံကြီး၊ စခန်းကြီး၊ ရာဇဂြိုလ်ကျေးရွာများရှိ တောင်သူများနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

   တောင်သူများကလည်း ယခုနှစ် မိုးစပါး မိုးလေဝသညီညွတ်လို့ စပါးအထွက်နှုန်းကောင်းကြောင်း၊ စိုက်ပျိုးတဲ့ စပါး မျိုးတွေကလည်း ပေါ်ဆန်း၊ ရွှေတိုး၊ ပါကြဲဆန်း၊ ငရဲဆန်း၊ ဝင်းကိုဆန်း၊ နတ်ပြည်မွှေး၊ နမိတ်သလေး၊ ဧရာမင်း၊ ဆင်းရွှေသွယ်စတဲ့ ဒေသစပါးမျိုးများ အများဆုံးစိုက်ပျိုးကြပြီး ပုလဲသွယ်နဲ့ ဗီယက်နမ်စပ်စပါးများကိုလည်း  စမ်းသပ်  စိုက်ပျိုးအောင်မြင်တဲ့အကြောင်းပြောပြကြပါတယ်။  

  စခန်းကြီးရွာမှ တောင်သူဦးကျော်လှက   မိမိလယ်ကွင်းမှာ ဆင်းရွှေသွယ်စပါးစိုက်ပျိုးကြောင်းနဲ့ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ကြောင်း၊ မိမိတို့လယ်မှာ ဘာဓာတ်မြေသြဇာမှ မသုံးရကြောင်း၊ တစ်နှစ်ကျော် တစ်ခါလောက်သာ သဘာဝဓာတ်မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေးများထည့်ကြကြောင်း၊ မိုးလေဝသကောင်းမွန်ပါက မြေသြဇာမထည့် လည်း  စပါးအထွက်ကောင်းကြောင်း၊ စပါးဈေးအနေဖြင့် တင်း ၁၀၀ ကို ကျပ် ၄ သိန်းရောင်းရကြောင်း၊ ဒါကြောင့် တောင်သူများ စပါးအထွက်ကောင်းပြီး ဈေးနှုန်းမဆိုးလှ သဖြင့် အဆင်ပြေကြကြောင်းပြောပါတယ်။

   ကံကြီးရွာ တောင်သူ ဦးထွန်းရီကလည်း မိမိလယ်မှာ  ပေါ်ဆန်း (ငစိန်) မျိုးစိုက်ပျိုးပြီး၊ ယခုနှစ်တစ်ဧကတင်း  ၁၀၀ မှ ၁၁၀ ကျော်ထွက်ရှိကြောင်း၊ ပုလဲသွယ်စပ်မျိုးစပါးလည်း စမ်းစိုက်ပျိုးရာ  တင်း ၁၅၀ ကျော်ထွက်ရှိတာကြောင့် ဒီနှစ် အတွက် ကလေးမြို့နယ် တောင်သူတွေဟာ စပါးအထွက်ကောင်းဈေးနှုန်းသင့်တင့်တဲ့အတွက် ဝင်ငွေကောင်းပြီး လူမှု စီးပွားဘဝများ အဆင်ပြေချောမွေ့လျက်ရှိကြောင်း ကလေးမြို့နယ်တွင် ကျေးရွာများမှတောင်သူများကဆိုပါတယ်။

သက်နိုင်-ဟုမ္မလင်း