ကျောက်ဆည်ခရိုင်တွင် ငှက်ပျောစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း စပါး၊ ပဲ၊ ပြောင်း သီးနှံများအပြင် ငှက်ပျောသီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း၊ ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ငှက်ပျော စိုက်ဧက (၂၅၃၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငှက်ပျောစိုက်ဧက (၂၅၉၁)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန၏ စာရင်းများအရသိရသည်။

          ငှက်ပျောတစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁,၅၀၀,၀၀၀) ကျပ်ခန့် ကုန်ကျပြီး ငှက်ပျောသီးနှံများ ဈေးကောင်းရရှိသည့်အတွက် ခရိုင်အတွင်း ငှက်ပျောစိုက်ဧကမှာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း၊ ယခင်နှစ် ငှက်ပျော ပေါ်ချိန်တွင် ငှက်ပျော (ဖီးကြမ်း) အခိုင် (၄၀) ပါ လှည်းတစ်စီးလျှင် (၂၄၀,၀၀၀)ကျပ်ဖြင့် လည်း ကောင်း၊ လက်ရင်းတစ်ဖီးလျှင် (၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်ဖျား တစ်ဖီးလျှင်(၄၀၀-၅၀၀) ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုလက်ရှိတွင် ခြံအဟောင်းထွက် ငှက်ပျော (ဖီးကြမ်း) အခိုင် (၄၀) ပါ လှည်းတစ်စီးလျှင် (၄၀၀,၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ လက်ရင်း တစ်ဖီးလျှင် (၃,၀၀၀-၃,၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ လက်ဖျားတစ်ဖီးလျှင် (၂,၀၀၀-၂,၅၀၀) ကျပ် ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်နှင့် ယခုနှစ် ငှက်ပျောသီးဈေးနှုန်း များကိုနှိုင်းယှဉ်ပါက ယခုနှစ်တွင် တောင်သူများ ငှက်ပျောသီးဈေးကောင်းရ၍ ငှက်ပျောစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာကြကြောင်း သိရှိရသည်။

DOCA (မန္တလေး)