ပြည်ပပို့ကုန်အတွက် အားထားရမည့် ပိုးစာစိုက်ပျိုးရေးနှင့် ပိုးစာစိုက် တောင်သူများ ဝင်ငွေတိုးစေမည့် ပိုးမွေးမြူခြင်းလုပ်ငန်းအဆင့်ဆင့်

   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ မြန်မာ့ရေမြေ သဘာဝ သည်လည်း စိုက်ပျိုးရေးအတွက် ကောင်းမွန်ဖြစ်ထွန်းသည့် ရာသီဥတုရရှိပါသည်။ သို့အတွက် မြန်မာနိုင်ငံ ဒေသအနှံ့အပြားသည် ဒေသအလိုက် အောင်မြင်ဖြစ်ထွန်းသည့် သီးနှံများစိုက်ပျိုးထုတ် လုပ်လျက် ရှိပါသည်။ ဥပမာ-ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးထွက်ရှိသည့် တိုင်း ဒေသကြီးအဖြစ် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီနှံ အများဆုံးထွက်ရှိသည့် တိုင်း ဒေသကြီးအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ်သည်လည်း ကော်ဖီ၊ ထောပတ်၊  လိမ္မော်အစရှိသည့် သီးနှံ များအောင်မြင် ဖြစ်ထွန်းလျက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဒေသအလိုက် ဖြစ်ထွန်းအောင်မြင်နေသော  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အများအပြားရှိပါသည်။ ဒေသအလိုက် အောင်မြင်ဖြစ်ထွန်း လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များအနက် စိုက်ပျိုးရေးရော မွေးမြူရေးပါတွဲဖက်လုပ်ကိုင်ရသည့် ပိုးစာပင်စိုက်ပျိူးခြင်းနှင့် ပိုးမွေးမြူခြင်း လုပ်ငန်းများအကြောင်းကို ယခင်အပတ် အတွဲ (၁၈)၊ အမှတ် (၄၈)တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ယခုတစ်ပတ်တင်ပြလို သည်မှာပိုးစာပင်မျိူးစိတ် များနှင့် ပိုးစာပင်တွင် ကျရောက်တတ်သော ရောဂါများအကြောင်း၊ ပိုးမွေးမြူခြင်းလုပ်ငန်းတွင် ပိုးကောင်၏ ဘဝစက်ဝန်းအဆင့်(၅)ဆင့်တို့၏ မွေးမြူပုံ အသေးစိတ်နှင့်  လက်ရှိအချိန်၌ ကရင် ပြည်နယ်တွင် ပိုးစာပင်စိုက်ပျိုးနေမှု၊ပိုးချည်ထုတ်လုပ်နေ မှု အခြေ အနေများကို ဖော်ပြသွားမည်ဖြစ်ပါသည်။
ပိုးစာပင်မှာ မျိုးစိတ်(Species) ပေါင်း ၆၈ မျိူးရှိပြီး မျိုးပေါင်း (Varietes) မှာ ၁၀ဝ ကျော်ရှိပါသည်။ မြန်မာ့လက်ချားမျိုး၊ ပေါက်ခေါင်းမျိုး၊ ယိုးဒယားလက်ချားမျိုးများကိုလည်း   စိုက်ပျိုးနိုင်ပါသည်။ ပိုးစာ ပင်ကို လိင်နှင့် မျိုးပွားခြင်း (Sexual Propagation)မှာ အစေ့မှ  မျိုးပွားနိုင်သကဲ့သို့ လိင်မဲ့ မျိုးပွားခြင်း (Asexual Propagation)မှာ အပင်အစိတ်အပိုင်းမှ ပွားယူခြင်းဖြစ်ပြီး မိဘမျိုးနှင့် တူညီသည့်မျိုးကို မျိုးပွား ယူနိုင်ပါသည်။ ပိုးစာပင်သည် စိုက်ပျိုးပြီး နေ့စဉ်ဂရုတစိုက် ကြည့်ရှုစရာမလိုဘဲ စိုက်ပျိုးပြီး သုံးပတ်အကြာ မှ ပေါင်းရှင်းပေါင်းနှုတ် ဆောင်ရွက်ရသည့်အတွက် တောင်သူများ အခြားလုပ်ကိုင်လိုသည့် လယ်ယာလုပ် ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်နိုင်ပါသည်။ သွင်းအားစု အနေဖြင့်လည်း ပိုးစာပင် စတင် စိုက်ပျိုးပြီး တစ်လခန့်အကြာ ဒုတိယအကြိမ် ပေါင်းရှင်းမှသာ ဓာတ်မြေဩဇာကျွေးရ၍ တစ်နှစ်လျှင် သုံးကြိမ်မျှသာ ကျွေးရုံဖြင့် ဖြစ်ထွန်းသည့်အပင်ဖြစ်သဖြင့် သွင်းအားစုစရိတ်လည်းနည်းပါသည်။
ပိုးစာပင်၏ အရွက်ကို ပိုးကျွေးရသောကြောင့် အရွက်တွင် ကျရောက်တတ်သော သံချေးရောဂါ၊ ရွက်ပြောက်ရောဂါ၊ ဖားဥမှိုရောဂါများကျရောက်နိုင်သဖြင့် ကာကွယ်ပေးရမှာဖြစ်ပြီး ရေဝပ်ပါက အမြစ် ပုပ်ရောဂါဖြစ်နိုင်ပြီး ထိပ်ဖျားခြောက်ရောဂါ၊ ဘက်တီးရီးယားဗိုင်းရပ်ရောဂါများ၊ နီမတုတ်ရောဂါ၊ အာဟာရ ချို့တဲ့ရောဂါများလည်း ဖြစ်နိုင်ပါသည်။ ဖျက်ဆီးတတ်သောပိုးများမှာ  အများအားဖြင့် ပင်စည်ထိုးပိုး၊ ရွက်လိပ် ပိုး၊ ပျပိုးတို့အား ဆေးရွက်ကြီး ရေစိမ်၍ ゞင်းအရည်ဖြင့် ပက်ဖျန်း၍ ပိုးသတ်နိုင်ပါသည်။ ဆေးနှင့် ဓာတ်မြေဩဇာများကို   အသုံးပြုပါက ပိုးစာရွက်ကို ပိုးကောင်အတွက် ခူးမကျွေးမီ တစ်လကျော်ကြာ အောင်ထားရပါသည်။
ပိုးမွေးမြူခြင်းတွင် အဆင့်(၅)ဆင့်ရှိပြီး အရည်အသွေးကောင်းမွန်သည့် ပိုးချည်များထုတ်လုပ်နိုင်ရန် ပိုး၏ မျိုးရိုးဗီဇပေါ်တွင် မူတည်သည့်အတွက် ပိုးအိမ်၏ အလေးချိန်၊ ချည်သား ရာခိုင်နှုန်းနှင့် ချည်၏ အရှည်အတိုတို့ မွေးမြူသည့်စနစ် ကောင်းမွန်သည့်အပေါ်တွင် မူတည်ပါသည်။ ပိုးချည်ကောင်(Silk worm)  သည် ပိုးစာရွက်တစ်မျိုးတည်းကိုသာစားသုံးသည့် (Monophagous) ပိုးမျိုးဖြစ်ပါသည်။ ပိုးမွေးမြူ ရေးလုပ်ငန်းတွင် ပိုးလောက်ကောင်အဆင့်သက်တမ်းသည် အဓိကအရေးကြီးဆုံးဖြစ်ပြီး ပိုးလောက်ကောင် ၏ အရေခွံချွတ်လဲမှုအပေါ်မူတည်၍ ရက်ကြာမြင့်မှုနှင့် ပိုးမွေးမြူပုံအဆင့်ဆင့်တွင် ပိုးဖလံဘဝရောက်ရှိရန် အဆင့်(၅) ဆင့်ရှိပြီး အဆင့်(၅)ဆင့်အလိုက် ပြုလုပ်ပုံအသေးစိတ်ကို ဖော်ပြပေးလိုပါသည်-
             

 ပိုးငယ်ပထမအဆင့် (1st instar)    
ပိုးငယ်ပထမအဆင့်တွင် (၃)ရက်အစာ စား၍ တစ်ရက် အရေခွံချွတ်လဲပါသည်။ ပိုးငယ်ပထမ အဆင့်ကျွေးရသည့်အရွက်မှာ ပိုးစာရွက် အညွန့်ဖူးလေး၏အောက်ရှိ ပထမပြန့်ကားလာသော ရွက်နုကို (ဝ.၅) စင်တီမီတာစတုရန်းပုံလှီး၍ ကျွေးရပါသည်။ ပိုးဥတစ်ကဒ်၏ စားနိုင်သော အရွက်ပမာဏ မှာ (ဝ.၈) ပေါင်ဖြစ်ပါသည်။Brushing Time တွင် လိုအပ်သည့် နေရာအကျယ်အဝန်းမှာ (၁) စတုရန်းပေ ရှိသင့်ပြီး ပိုးအရေခွံချွတ်လဲခါနီးအချိန်တွင် ၁၀ စတုရန်းပေအထိ လိုအပ်ပါသည်။ အစာဟောင်း ဖယ်ရှား ခြင်းကို တစ်ကြိမ်ပြုလုပ်ပေးရမည်။ ပိုးငယ်ပထမအဆင့်တွင် အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်နှင့် စိုထိုင်းဆ ၉၀ ရာခိုင်နှုန်း လိုအပ်မည်ဖြစ်ပါသည်။
ပိုးငယ်ဒုတိယအဆင့်  (2nd  instar)
ပိုးငယ်ဒုတိယအဆင့်တွင်(၂-၃)ရက် အစာ စား၍(၁)ရက် အရေခွံချွတ်လဲပါသည်။ ကျွေးရသည့် ပိုးစာရွက်မှာ ဒုတိယရွက်နုကို (၁) စင်တီမီတာ အလျား စတုရန်းပုံလှီး၍ ကျွေးရပါသည်။  ပိုးဥတစ်ကဒ်၏ စားနိုင်သည့် ပိုးစာရွက်ပမာဏမှာ ၃ဒသမ ၈ ပေါင်ဖြစ်ပါသည်။ ပိုးငယ်ဒုတိယအဆင့်တွင် ထားရှိရမည့် အကျယ်အဝန်းမှာ ၂၀ စတုရန်းပေဖြစ်ပါသည်။ ပိုးငယ်ဒုတိယအဆင့်တွင် အပူချိန် ၂၆ ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းဆ ၈၅ ရာခိုင်နှုန်း လိုအပ်မည်ဖြစ်ပါသည်။ ပိုးငယ်ဒုတိယအဆင့်တွင် အစာဟောင်း ဖယ်ရှား ရန် ပိုက်တင်ခြင်းကို အနည်းဆုံးတစ်ကြိမ် ပြုလုပ်ပေးရသည်။
ပိုးငယ်တတိယအဆင့်  (3rd  instar)
ပိုးငယ်တတိယအဆင့်တွင် သုံးရက် အစာစား၍ တစ်ရက်အရေခွံချွတ်လဲပါသည်။ တတိယရွက်နုကို အရွယ်အစား ၁ ဒသမ ၅ စင်တီမီတာ စတုရန်းပုံလှီး၍ ကျွေးရပါသည်။ ပိုးဥတစ်ကဒ်၏ စားနိုင်သည့် ပိုးစာရွက်ပမာဏမှာ ၁၆ ပေါင်ဖြစ်ပါသည်။ ထားရှိရမည့် အကျယ်အဝန်းမှာ ပိုးဥတစ်ကဒ်လျှင် ၅၀ စတုရန်းပေဖြစ်ပါသည်။ ပိုးငယ်တတိယအဆင့်တွင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်နှင့် စိုထိုင်းဆ ၈၀ ရာခိုင်နှုန်း လိုအပ်မည်ဖြစ်ပါသည်။ အစာဟောင်းဖယ်ရှားရန် ပိုက်တင်ခြင်းကို ပိုးငယ်တတိယအဆင့် နှစ်ရက်သားတွင် ဆောင်ရွက်ပေးရပါသည်။ လေကောင်းလေသန့်ရရှိစေရန် ပိုးကောင်များကို အစာကျွေး နေစဉ် ပိုးမွေးရုံ ပြတင်းတံခါးများကို ခေတ္တဖွင့်ထားပေးရန် လိုအပ်ပါသည်။ ပိုးငယ်ပထမအဆင့်နှင့် ဒုတိယအဆင့်တွင် တံခါးဖွင့်ရန် မလိုအပ်ပါ။ ပိုးငယ်အဆင့်များမွေးမြူရာတွင် စိုထိုင်းဆ ထိန်းနိုင်ရန် ဖယောင်းစက္ကူဖြင့် ဖုံးအုပ်၍ မွေးမြူသင့်ပါသည်။ အစာမကျွေးမီ  ကြိုတင်၍ ဖယောင်းစက္ကူဖွင့်ထား ပေးရပါမည်။  
ပိုးငယ်စတုတ္ထအဆင့် (4th instar)        
စတုတ္ထအဆင့်တွင် လေးရက်စား၍ တစ်ရက်ခွဲ အရေခွံချွတ်လဲပါသည်။ စတုတ္ထအဆင့် ပိုးကောင် အရွယ်အစားမှာ ၃-၅ စင်တီမီတာခန့်ရှိသည်။ ပိုးကြီးစတုတ္ထအဆင့်တွင် နိုးခါစနှင့် အရေခွံချွတ်ခါနီး အချိန်တို့တွင်သာ အရွက်ကိုလှီး၍ ကျွေးရန်လိုအပ်ပြီး ကျန်အစာကျွေးချိန်များတွင် အရွက်အလိုက် ကျွေးနိုင်ပါသည်။ ပိုးဥတစ်ကဒ်စားနိုင်သည့် အရွက်ပမာဏမှာ ၉၃ ဒသမ ၆ ပေါင် ဖြစ်ပါသည်။ ထားရှိရ မည့် အကျယ်အဝန်းမှာ ပိုးဥတစ်ကဒ်လျှင ်၈၀ စတုရန်းပေ လိုအပ်ပါသည်။ ပိုးကြီးစတုတ္ထအဆင့်တွင် အပူချိန် ၂၄  ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း လိုအပ်မည်ဖြစ်ပါသည်။ စတုတ္ထအဆင့်တွင် အစာဟောင်းဖယ်ရှားရန် ပိုက်တင်ခြင်းကို အနည်းဆုံးတစ်ကြိမ် ဆောင်ရွက်ပေးရမည်။
ပိုးငယ်ပဉ္စမအဆင့် (5th  instar)
ပဉ္စမအဆင့်တွင် ၆-၇ ရက်စားပြီးနောက် ပိုးစတင်မှည့်ပါသည်။ ပိုးဥတစ်ကဒ် စားနိုင်သော အရွက်ပမာဏမှာ ၈၈၆  ပေါင်ဖြစ်ပါသည်။ ထား ရှိရမည့် အကျယ်အဝန်းမှာ  ပိုးဥတစ်ကဒ်လျှင် ၂၀ဝ စတုရန်းပေ လိုအပ်ပြီး ပိုးမှည့်ခါနီး အကောင် ၁၀ဝ အတွက် တစ်စတုရန်းပေ လိုအပ်မည်ဖြစ်ပါ သည်။ ပိုးမွေးရုံ အခန်းအပူချိန်မှာ ၂၃ ဒီဂရီစင်တီ ဂရိတ်နှင့် စိုထိုင်းဆ ၇၀ ရာခိုင်နှုန်းရှိရန် လိုအပ် မည်ဖြစ်ပါသည်။ လေဝင်လေထွက် ကောင်းမွန်စေ ရန် ပိုးမွေးရုံ၏ ပြတင်းတံခါးများ ဖွင့်ထားပေးရန် လိုအပ်ပြီး တိုက်ရိုက်နေရောင်ခြည် ကျရောက်မှုကို ရှောင်ကြဉ်ရပါမည်။ အစာဟောင်းများ ဖယ်ရှား ခြင်းကို လိုအပ်သလို ဆောင်ရွက်ပေး ခြင်း၊ ပိုးမွေး ခန်းဧရိယာကို ပဉ္စမအဆင့် ပိုးမှည့်သည့်အချိန်တွင်Brushing Time ရှိ ဧရိယာ၏အဆ ၂၀ဝ ထိ ချဲ့ပေး ရမည်။
ပိုးအိမ်ဖွဲ့ခြင်း
ပိုးကောင်များသည်   အများအားဖြင့် နေ့လယ်ပိုင်းတွင် ပိုးမှည့်လေ့ရှိပြီး ရင့်မှည့်သော ပိုးကောင်၏   လက္ခဏာများမှာ အရွယ်အစား အနည်းငယ်ပြန့်၍   ကျုံ့သွားခြင်း၊ အရောင်မှာ ဖယောင်းသား အဝါရောင်သို့ ပြောင်းလာခြင်း၊ ခေါင်းထောင်၍ ပါးစပ်မှ ပိုးချည်မျှင်များထွက်စပြု လာခြင်းနှင့် ပိုးအိမ် ဖွဲ့ရန် နေရာရှာခြင်းတို့ဖြစ် ပါသည်။ ပိုးမှည့်သော အကောင်များကို အချိန်မီ ကောက်၍ (၃)ပေပတ်လည်အရွယ်ရှိ ပိုးအိမ်ဖွဲ့ ကိရိယာအတွင်း ထည့်ပေးရပါမည်။  ပိုးအိမ်ဖွဲ့ ကိရိယာတစ်ခုအတွင်း ပိုးကောင် ၃၅၀ မှ ၄၀ဝ အထိ ထည့်ပေးနိုင်ပြီး  ပိုးဥတစ်ကဒ်စာအတွက် ပိုးအိမ်ဖွဲ့ကိရိယာ ၅၀-၇၀ ခန့် လိုအပ်မည်ဖြစ်ပါ သည်။ ပိုးအိမ်ဖွဲ့ကိရိယာတွင် ထည့်ထားသောပိုး ကောင်များနေရာယူပြီး နောက်တစ်နေ့တွင် ပိုး အိမ်ဖွဲ့ ကိရိယာပေါ်ရှိ   ပိုးကောင်(လျှံကောင်) များကောက်ယူပြီး ပိုးအိမ်ဖွဲ့ကိရိယာအသစ်တွင် ထည့်ပေးရပါသည်။ ပိုးအိမ်ဖွဲ့ကိရိယာကို ကြိမ်၊ ဝါး၊ ကောက်ရိုး၊ ဒေသထွက် ပစ္စည်းများဖြင့် ပြုလုပ် နိုင်ပါသည်။ ပိုးအိမ်ဖွဲ့ကိရိယာ၏ အရွယ်နှင့် အမျိုး အစားကိုလိုက်၍ ပိုးကောင်ကို မနည်းလွန်း၊ မများ လွန်းထည့်ပေးရပါမည်။ များလွန်းပါက အမြွှာပူး ပိုးအိမ်များဖြစ်နိုင်ပါသည်။ ပိုးမှည့်ပြီးနောက် သုံး ရက်ခန့်ကြာလျှင်   ပိုးအိမ်ဖွဲ့ခြင်းပြီးဆုံးပါသည်။ ပိုးအိမ်ဖွဲ့ခြင်းပြီးဆုံးပါက လေဝင်လေထွက်ကောင်း မွန်စေရန် ပိုးမွေးရုံပြတင်းပေါက်များ ဖွင့်ပေးရပါ မည်။ ပိုးအိမ်ဖွဲ့နေစဉ်  နေ့ညအပူချိန် (၂၇-၂၈) ဒီဂရီစင်တီဂရိတ်နှင့် စိုထိုင်းဆ (၇၀-၇၅)ရာခိုင်နှုန်း အမြဲရှိရန် လိုအပ်ပါသည်။
ယခုအခါ ကရင်ပြည်နယ်တွင်လည်း ၂၀၁၄ ခုနှစ်ခန့်ကတည်းက ဂျပန်နိုင်ငDaimatsuကုမ္ပဏီ နှင့်ပူးပေါင်း၍ ပိုးချည်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။   ယင်းအချိန်မှစ၍  ပြင်ဦးလွင်ခရိုင်မှ ပိုးလုံးကို တစ်လတစ်ကြိမ် (100 kg) ဝယ်ယူ၍ ဘားအံမြို့ အမှတ် ၃၄၃၊ စံပြလမ်း၊ အမှတ်(၆) ရပ်ကွက်တွင် လုပ်သား ၁၂ ဦး၊ ကြီး ကြပ်သူတစ်ဦးဖြင့်   ပိုးချည်ထုတ်လုပ်ခဲ့ပါသည်။ လုပ်သားခနှင့် ကုန်ကျစရိတ်များကိုDaimatsu ကုမ္ပဏီက ကျခံစေခဲ့ပြီး ထွက်ရှိလာသည့် ပိုးချည် ကို ဂျပန်နိုင်ငံသို့ ပေးပို့ရကြောင်း သိရှိရပါသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ ထွက်ရှိလာသော ပိုး ချည်များကို ဂျပန်နိုင်ငံသို့ မပို့ရတော့ဘဲ ဘားအံ တွင် ထားရှိခဲ့ပါသည်။ ပိုးလုံးမှ ပိုးချည်၊ ပိုးဂွမ်း၊ ပိုး ဆပ်ပြာများ ထုတ်လုပ်လျက်ရှိပြီး ပိုးဆပ်ပြာကို ဘားအံတွင် ပြန်လည်ရောင်းချနေကြောင်း သိရှိရ ပါသည်။  
ယခုနှစ် တွင် ဂျပန်နိုင်ငံမှ ပိုးချည်ထုတ်လုပ် သည့် စက်ပစ္စည်းများ၊ ပိုးမွေးမြူရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ   တင်သွင်းရောက်ရှိနေပြီး ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စိုက်ပျိုးရေးဦးစီး ဌာနပိုင်မြေ (ယခင် ကမော့ကပိုခြံ) နေရာတွင် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ  JICA ၏ မြန်မာနိုင်ငံ တာဝန်ခံMrs. Yuki Fuji က ဦးဆောင် ပြီး ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတို့ MOU ရေးထိုးလျက် ကမော့ကပိုခြံနေရာတွင် ပိုးစာပင် သုံးဧကစိုက်ပျိုးထားရာ  အပင်များ ထိုက်သင့် သလောက် ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး မကြာမီ ပိုးမွေးမြူရေးလုပ်ငန်းပါ စတင်ဆောင်ရွက်တော့ မည်ဖြစ်ပါသည်။ ပိုးစာပင်စိုက်ပျိုးမှု အပင်ဖြစ်ထွန်း ပါသော်လည်း ပိုးမွေးမြူရာတွင် အပူချိန်မြင့်သဖြင့် ပိုးကို လှောင်အိမ်ဖြင့်  အအေးပေး  မွေးမြူရန် စီစဉ်နေကြောင်းနှင့် ပိုးချည်ဆေးဆိုးခြင်း၊ ချည် ကော်ချွတ်ခြင်းများကို သင်ကြားခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။  JICA ၏ ကရင်ပြည်နယ်အတွင်း ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းလုပ်ငန်းနှင့် ပိုးချည်များ ထုတ်လုပ်ခြင်း Project  အား(၂)နှစ် ဆောင်ရွက်ပြီးပါက ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။ ပိုးမွေးမြူခြင်းလုပ်ငန်းသည် ကရိကထ များသော်လည်း တောင်သူလက်ဝယ်တွင် ရက် ၂၀ အကြာဖြင့် အကျိုးအမြတ်ရရှိနိုင်သော လုပ်ငန်း ဖြစ်ကြောင်း ယခင်တစ်ပတ်က ဖော်ပြခဲ့ပြီးဖြစ်ပါ သည်။
ပိုးအိမ်အမျိုးအစား သုံးမျိုးရှိပြီး တရုတ်မျိုး၊ ဂျပန်မျိုးနှင့် ဥရောပမျိုးတို့ဖြစ်ပြီး တရုတ်မျိုးနှင့် ဥရောပမျိုးမှာ ပုံသဏ္ဌာန်ကောင်းမွန်ပြီး ပိုးချည် မပျက်ဘဲ ဂျပန်မျိုးပိုးအိမ်မှာ  အလယ်တွင် ချိုင့် နေသောပုံမျိုးဖြစ်ပြီး ပိုးချည်ပျက်တက်ပါသည်။ ပိုးအိမ်အတန်းအစား လေးမျိုးရှိ၍ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစားနှင့် ပယ်ပိုးအိမ် ဟူ၍ အတန်းအစား လေးမျိုးခွဲခြားထားပါသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် ပထမတန်းစား ပိုး အိမ်တစ်ပေါင်လျှင် ၈၀ဝ၀ ကျပ်၊ ဒုတိယတန်းစားပိုးအိမ်တစ်ပေါင်လျှင် ၇၀ဝ၀ ကျပ်နှင့် တတိယ တန်းစား ပိုးအိမ်တစ်ပေါင်လျှင် ၅၀ဝ၀ ကျပ်တို့ ရရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယတန်းစားပိုးအိမ် အမျိုးအစား အများဆုံးထွက်ရှိကြောင်း  သိရှိရပါ သည်။
ပိုးချည်အိမ် ပြည်ပတင်ပို့နိုင်မှု အခြေအနေ
လွယ်ဂျယ်   နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရရှိသောစာရင်းအရ ၂၀၁၈ ခုနှစ်အတွင်း တရုတ် နိုင်ငံဘက်ရှိ ပိုးချည်မျှင်စက်ရုံသို့ ပိုးချည်အိမ် တင်ပို့မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

သို့ဖြစ်ပါ၍ JICA  ကဲ့သို့သော ပြည်ပအကူ အညီရရှိချိန်တွင်  ဈေးကွက်ရှိနေသော ပိုးချည် ထုတ်လုပ်နိုင်ရန် တောင်သူများအတွက် အချိန်တို အတွင်း အကျိုးအမြတ်ရရှိမည့် ပိုးမွေးမြူခြင်းလုပ် ငန်းကို ပိုးစာ ပင်စိုက်ပျိုးခြင်းနှင့် တွဲဖက်ဆောင် ရွက်ပြီး လျော်၍ ဖွတ်၍ရသော အဆင့်မြင့်ပိုးထည် များ    ပြည်တွင်းတွင်   ထုတ်လုပ်ရရှိရေးအတွက် စီးပွားရေး လုပ်ငန်းရှင်များနှင့်   စိတ်ဝင်စားသည့် တောင်သူများ ]ပိုးစာစိုက်ပျိုး  တို့တောင်သူများ ဝင်ငွေတိုးစေရန်} ရည်ရွယ်၍ ပိုးမွေးမြူခြင်းလုပ်ငန်း အဆင့်ဆင့်ကို ရေးသားဖော်ပြလိုက်ရပါသည်။