ပြည်ကြက်သွန်နီဈေးကွက်မှာ ဈေးနှုန်းများပိုမိုမြင့်တက်

        ယခုတစ်ပတ် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ  ပိုမိုမြင့်တက်လျက် ရှိနေတာတွေ့ရပါတယ်။ တစ်ပိဿာလျှင် ပျမ်းမျှအနေဖြင့် လက်လီ^လက်ကား ကျပ် ၂၀၀-၂၅၀ခန့်ထိ ဈေးမြင့်သွားကြောင်းသိရပါတယ်။  ဈေးမြင့်သည့်အတွက် စားသုံးသူများက ဝယ်လိုအားနည်းလာတာကြောင့် ပွဲရုံလုပ်ငန်းရှင်များမှလည်းမှာ ယူမှုနည်းကာ ပြည်ဈေးကွက်သို့ဝင်ရောက်မှု သိသိသာသာနည်းသွားကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းနယ်တို့မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ပတ်လည် ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးမြင့်သွားတဲ့ အတွက် ပုံမှန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ရှိနေတာကြောင့် အရောင်း အဝယ်သိသာစွာ နည်းပါး သွားကြောင်း တွေ့ရပါတယ်။ကထိန်ရာသီဖြစ်ပေမယ့် ကြက်သွန်နီဈေးမြင့်သည့်အတွက်  အလှူအတန်း ပြုလုပ်သူများက မသုံးမဖြစ်နေရာများ၌သာ  သုံးစွဲကြသဖြင့် ဝယ်လိုအားနည်းကာ ပွဲရုံလုပ်ငန်းရှင်များ တွက်ခြေ ကိုက်မှု မရှိကြောင်းသိရပါတယ်။  ဈေးနှုန်းများအနေနဲ့ ယခုတစ်ပတ် ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင်(ကြီး)ကျပ် ၂၅၀၀-၂၆၀၀၊ (လတ်) ကျပ်၂၄၀၀၊(သေး)ကျပ် ၂၁၀၀-၂၃၀၀တို့ရှိပြီး လက်လီဈေးအသေး များတွင်(ကြီး) ကျပ် ၂၈၀၀-၂၉၀၀၊ (လတ်)  ကျပ် ၂၆၀၀-၂၇၀၀၊ (သေး)ကျပ်  ၂၄၀၀ နှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ယခင်တစ်ပတ်က လက်ကားဈေးတစ်ပိဿာ(ကြီး)ကျပ်၂၃၀၀-၂၃၅၀၊ (လတ်) ကျပ်  ၂၂၀၀၊ (သေး) ကျပ် ၁၈၅၀- ၂၁၀၀ နှုန်းတို့ရှိပြီး လက်လီဈေးများတွင်(ကြီး)ကျပ် ၂၇၀၀-၂၈၀၀၊ (လတ်) ကျပ်၂၅၀၀-၂၆၀၀၊(သေး) ကျပ် ၂၃၀၀-၂၄၀၀တို့ဖြင့်  ရောင်းဝယ်လျက်ရှိတဲ့အတွက်  ယခုတစ်ပတ်ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးနှုန်းထက်  ပိုမိုမြင့် တက်လျက်ရှိနေတာတွေ့ရပါတယ်။ တရုတ် ကြက်သွန်နီများအနေဖြင့် ထပ်မံဝင်ရောက်မှုမရှိတော့ဘဲ လက်ကျန်ကုန်ပစ္စည်းများ ဖြင့်သာ အရောင်းအဝယ်ရှိပြီး တစ်ပိဿာလျှင် လက်လီ/လက်ကား ကျပ် ၁၅၀၀- ၁၇၀၀တို့ဖြင့်ေ ရာင်းဝယ်နေကြောင်းသိရပါတယ်။              
 ဝင်းလဲ့ဝါ(ပြည်)